၂၃. ၄. ၂၀၂၄
Written by Pan Ei

လက်တွေ့ဘဝက ရာပန်ဇယ်လို့တောင်ပြောလို့ရမဲ့ ယူကရိန်းက Aliia Nasyrova ဟာ သူမရဲ့ရှည်လျားပြီး လှပတဲ့ဆံပင်တွေက အရှည် ၂၅၇ ဒသမ ၃၃ စင်တီမီတာ (၈ ပေနဲ့ ၅ ဒသမ ၃ လက်မ) ရှိတာကြောင့် ကမ္ဘာ့ဆံပင်အရှည်ဆုံးသက်ရှိလူသား (အမျိုးသမီး) အဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။

ယူကရိန်းရဲ့ကျော်ကြားတဲ့အမျိုးသမီး Aliia ကို ဧပြီလ ၂၁ ရက်ညက ထုတ်လွှင့်ခဲ့တဲ့ အီတလီ တီဗီစီးရီး Lo Show dei Record မှာ စံချိန်တင်ထားသူအဖြစ် ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး အရပ် ၅ ပေ ၄ လက်မ ရှိတဲ့ Aliia ရဲ့ဆံပင်တွေဟာ သူ့အရပ်ထက် ၃ ပေကျော် ပိုရှည်လျားပြီး သူမဆံပင်အရှည်က ၈ ပေနဲ့ ၂ ဒသမ ၈ လက်မ အမြင့်ရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးလူသား Sultan Kösen ထက်ကို ပိုရှည်နေတာပါ။

လက်ရှိ ဆလိုဗက်ကီးရာနိုင်ငံမှာနေထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Aliia ဟာ ပန်းချီဆရာ၊ ဂရပ်ဖစ်သရုပ်ဖော်အပြင် ဆံပင်ရှည်မော်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး သူမဟာ ဆံပင် သန်စွမ်းကျန်းမာနေစေဖို့အတွက် ဆံပင်ကို အနည်းငယ်သာ ညှပ်ထားဖူးတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရှိုးမှာ သူမဟာ ဆံပင်ထိန်းသိမ်းမှု လျှို့ဝှက်ချက်တွေကိုလည်း မျှဝေခဲ့ပါတယ်။ Aliia ဟာ တစ်ပတ်ကို တစ်ကြိမ် ဆံပင် လျှော်ပြီး ဆံပင်အားလုံးကို သန့်ရှင်းစေဖို့ မိနစ် ၃၀ လောက် အချိန်ယူရပေမဲ့ ဆံပင် mask လိမ်းဖို့အတွက်ဆို နှစ်နာရီပိုကြာတယ်လို့ပြောပါတယ်။ ဒါ့အပြင် သူမဟာ ဆံပင်ကို အခြောက်ခံစက်မသုံးဘဲ သဘာဝအတိုင်း ခြောက်စေကာ သူ့ဆံပင်ခြောက်ဖို့ဆို ၂၄ နာရီအထိ ကြာနိုင်တယ်လို့လည်း သိရပါတယ်။

သူမဟာ ဆံပင်စိုနေတဲ့အချိန် ခေါင်းမဖြီးဘဲ ဆံပင်နှစ်ခွတွေကိုလည်း ပုံမှန်ဖြတ်တောက်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားကာ အရက်မသောက်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူမက ဗီတာမင်တွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတတ်ပြီး တစ်ခါတစ်ရံမှာ သဘာဝသတ္တုဓာတ်တွေကို ဆံပင်က စုပ်ယူနိုင်အောင် ပင်လယ် ဒါမှမဟုတ် သမုဒ္ဒရာဆီ သွားလည်တယ်လို့ သူကပြောပါတယ်။

သူမရဲ့စံချိန်တင်မှတ်တမ်းဟာ လူတွေ သဘာဝအလှတရားကို ချစ်မြတ်နိုးတတ်ပြီး သဘာဝအတိုင်းနေနိုင်တတ်အောင် လှုံ့ဆော်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း Aliia က ပြောပါတယ်။

Ref; Guinness World Record

Leave a Reply

Your email address will not be published. Required fields are marked *