၂၃. ၄. ၂၀၂၄
Written by Pan Ei

အာသံရိုင်ဖယ်တပ်နဲ့ ချန်ဖိုင်းရဲတပ်ဖွဲ့တို့ရဲ့ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးရေး ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်း မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်မှာ ရူပီး သိန်း ၇o ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့က အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း ဘိန်းဖြူ ရူပီးငွေ သိန်း ၇၀ ကျော်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ပထမဖမ်းဆီးရမိမှုမှာ စနေနေ့က အဆိုပါအဖွဲ့က ချန်ဖိုင်းခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ် ဇို့ခွာသာကျေးရွာမှာ အိန္ဒိယနိုင်ငံသား အမျိုးသားဆီကနေ ဘိန်းဖြူ အလေးချိန် ၆၁ ဂရမ်ခန့် တန်ဖိုး ရူပီး ၄၂ ဒသမ ၇၀ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးငွေ ရူပီး သိန်း ၃၀ ဒသမ ၈၀ ရှိတဲ့ ဘိန်းဖြူ ၄၄ ဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအမျိုးသမီးက ဇို့ခွာသာရွာမှာ နေထိုင်နေတဲ့ မရွှေ (၃၁ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

ခုလို အောင်မြင်တဲ့ စစ်ဆင်ရေးတွေဟာ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နယ်စပ်တစ်လျှောက် တရားမ၀င် လှုပ်ရှားမှုတွေကို တားဆီးဖို့ တရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *