၂၃.၄.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဗန္ဓုလရပ်ကွက်ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးအမှိုက်ပုံတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ထားသည့် ကလေးငယ်တစ်ဦးကို ထိုနေအိမ်ရှိ အိမ်သားတစ်ဦးမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုနေအိမ်ရှိ အိမ်သားများမှ ကလေးငယ်အား ခေါ်ယူပြီး ဥက္ကံဆေးရုံသို့ ဧပြီလ ၂၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်တွင် ပို့ဆောင်ရာ ကလေးငယ်၏ ခန္တကိုယ်အနှံ့ အိုးမဲများပေနေကျံနေပြီး ပုရွက်ဆိတ်များမှလည်း ကလေးငယ်ကို ကိုက်ထားသည်ကို တွေ့ရှိရသည်။

“ကလေးကို လာပို့တဲ့မိသားစုတွေကပဲ မွေးစားလိုက်ပြီ။ ကလေးကို တော်တော်လေး ဆေးကျောသန့်စင်ပေးရတယ်။ အမှိုက်ပုံမှာစွန့်ပစ်တော့ မီးသွေးခဲတွေဆိုပေနေတာ။ ပုရွတ်ဆိတ်တွေလည်း ကလေးကို ကိုက်ထားတာ။ ကလေးက မိန်းကလေး။ မိခင်နို့သီးခေါင်းကိုမစို့နိုင်လို့ နို့ဘူးတိုက်ဖို့ကြိုးစားကြည့်သေးတယ်။ နို့ဘူးကိုလည်းမစို့နိုင်ဘူး။ လက်ရှိ ကလေးက ဆေးရုံမှာပဲရှိသေးတယ်”ဟု ဥက္ကံမြို့ပြည်သူ့ဆေးရုံရှိ သူနာပြုဆရာမတစ်ဦးမှ MT News သို့ ဖြေကြားသည်။

အဆိုပါစွန့်ပစ်ခံရသည့် ကလေးငယ်ကို ဥက္ကံပြည်သူဆေးရုံမှ ချက်ကြိုးဖြတ်၍ ရေချိုးသန့်ရှင်းရေးများပြုလုပ်ပြီး ထိုဆေးရုံရှိ နို့တိုက်မိခင်တစ်ဦးအား အကူအညီတောင်း၍ ကလေးငယ်ကို နို့တိုက်ခဲ့သော်လည်း ကလေးငယ်မှာ နို့မစို့နိုင်​ကြောင်း၊ အလားတူ ပြီးခဲ့သည့် နှစ်ပိုင်းကလည်း စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦးမှာလည်း ကလေးတစ်ဦး မွေးဖွားပြီး ထိုကလေးငယ်ကို ဥက္ကံမြို့ရှိဂေဟာတစ်ခုသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

Photo -Theint Aeindray Shin

Leave a Reply

Your email address will not be published. Required fields are marked *