၂၃. ၄. ၂၀၂၄
Written by Pan Ei

ဒီနေ့ ဧပြီလ ၂၃ ရက်မှာ မလေးရှား တော်ဝင်ရေတပ် စစ်ရေးပြလေ့ကျင့်မှုအတွက် အစမ်းလေ့ကျင့်နေချိန် ရဟတ်ယာဉ်နှစ်စင်း တိုက်မိခဲ့ရာ ပျက်ကျခဲ့ပြီးနောက် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း မလေးရှားရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ မတော်တဆမှုဟာ အနောက်ပိုင်း ပီရတ်ပြည်နယ်ရှိ လူမွတ် ရေတပ်စခန်းမှာ အင်္ဂါနေ့ နံနက် ၉ နာရီ ၃၂ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သလို “ရဟတ်ယာဉ်တွေပေါ်ပါ အမှုထမ်း ၁၀ ဦးစလုံး သေဆုံးခဲ့ပြီး လူမွတ်တပ်မတော် အခြေစိုက် ဆေးရုံကို အတည်ပြုဖို့အတွက် ပို့ဆောင်ထားပါတယ်”လို့ ရေတပ်က ပြောကြားခဲ့ပါတယ်။

ဒေသဆိုင်ရာသတင်းစာ The Sun ရဲ့ ကနဦးအစီရင်ခံချက်အရ AW139 နဲ့ Fennec ရဟတ်ယာဉ်တို့ ဟာ လေ့ကျင့်ပျံသန်းမှုအတွင်း တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ AW139 ရဟတ်ယာဉ်က လူမွတ်အားကစားကွင်းထဲက လှေကားထစ်တွေနားကိုပျက်ကျခဲ့ပြီး Fennec လေယာဉ်ကတော့ လူမွတ်အားကစားကွင်းရဲ့ ရေကူးကန်ထဲကို ထိုးကျသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်နှစ်စင်းစလုံးဟာ မေလ ၃ ရက်ကနေ ၅ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ရေတပ်နှစ် ၉၀ ပြည့် အခမ်းအနားနဲ့ စစ်ရေးပြပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေခြင်းဖြစ်တယ်လို့ သိရသလို မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတိအကျသိရှိနိုင်ဖို့ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; The Jakarta Post, New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *