၂၂. ၄. ၂၀၂၄
Written by Thandar

ပရိသတ်အားပေးမှုရရှိထားခဲ့တဲ့ “သဘင်သည်မြနှင်းဆီ” Series 2 မှာ နိုင်ငံကျော် မင်းသမီးတစ်လက် ပါဝင်လာမှာဖြစ်ပြီး ဇာတ်လမ်းတွဲကို ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ပြန်လည်ကြည်ရှု့နိုင်ဖို့ အကောင်းဆုံးပြင်ဆင်နေတယ်လို့ ဒါရိုက်တာ သရုပ်ဆောင် မင်းဆက်က ပြောပါတယ်။

“မြနှင်းဆီနေရာနဲ့ ဒေါ်နီနီ ကာရိုက်တာတွေကတော့ ငယ်ဘဝဇာတ်ဆိုတော့ ပြန်ပါပါတယ်။ ကျွန်တော်တို့ လူငယ် ၄ ယောက်ကတော့ ဒီဇာတ်ကားမှာ ပြန်မပါဝင်တော့ပါဘူး။ မြနှင်းဆီ ဇာတ်လမ်းတွဲ ၂ မှာပါဝင်ထားတဲ့ နိုင်ငံကျော် မင်းသမီးနာမည်ကိုတော့ လျှို့ဝှက်ထားသေးပါတယ်။ ဘယ်သူဆိုတာ ပြောလို့ မရသေးလို့ပါ။ အနားနီးရင် ပြောပြမှာပါ။ပထမ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲ Series 1 ထက် 2 က ပိုကောင်းပါတယ်။ ဇာတ်အိမ်ရော အိုက်တင်တွေရော သရုပ်ဆောင်တွေရောပါ ဇာတ်လမ်းဇာတ်ကွက်တွေ အများကြီး အားစိုက်ထားလို့ Series 1 ထက် အဆပေါင်းများစွာ ကောင်းတယ်။ ငွေရေးကြေးရေးအပိုင်းရော တခြားပံ့ပိုးမှုတွေရောပေါ့” လို့ ဒါရိုက်တာ သရုပ်ဆောင် မင်းဆက်က ပြောပါတယ်။

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အဆိုပါ ဇာတ်ကား Series 1 ကို ဇာတ်လမ်း ကိုဆက် ၊ ဇာတ်ညွှန်း အင်ကြင်းဟန် ၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လည်းဖြစ်ပါတယ်။

လာမယ့် သဘင်သည်မြနှင်းဆီ Series 2 မှာတော့ သရုပ်ဆောင်အနေနဲ့ စင်ဒီမြတ် ၊ ယွန်းသဒ္ဒါအောင် စတဲ့ သရုပ်ဆောင်တွေပါဝင်မယ်လို့ သိရပါတယ်။

“သဘင်သည်မြနှင်းဆီ Series 2 က ထွက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ရုံတင်ပြဖို့ တစ်ချက်လေး ကြိုးစားနေတယ်။ ဇာတ်လမ်းတွဲ မလွှင့်ခင် ရုံတင်ပြသဖို့အတွက် ကြိုးစားနေပါတယ်။ ရုံတင်ပြသခွင့်ရရင်တော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ အရင်ကြည့်ရှု့ရမှာပါ။ ရုံတင်ပြသပြီးပါက Full Version ပြန်လည်ကြည့်ရှုခွင့်ရမှာပါ” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News