၂၂. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံ မြဝတီမြို့မှာ လူကုန်ကူးခံရပြီး တရုတ်ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂၄ ဦးကို ဧပြီ ၂၁ ရက်မှာ ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး မာတာလန်း ဦးဆောင်တဲ့ ဖိလစ်ပိုင်သံရုံးက သံမှူးတွေဟာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းကာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး မြဝတီတောင်ပိုင်း လေးကေ့ကော်က လိမ်လည်မှုဆိုင်ရာအချက်အချာဖြစ်တဲ့ Dong Feng Park ခေါ် KK2 Park (KK Park) ကနေ ဖိလစ်ပိုင်နိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့တာပါ။

လက်ရှိမှာ ကယ်တင်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဟိုတယ်မှာ တည်းခိုနေထိုင်နေကြပြီး နေရပ်ပြန်ပို့ရေး စာရွက်စာတမ်းတွေနဲ့ လုပ်ငန်းစဉ်တွေအတွက် စောင့်ဆိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် မြဝတီမြို့မှာ ပိတ်မိနေခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ကျော်အနက်ကနေ ဖိလစ်ပိုင်နိုင်ငံသား ၂၄ ဦး လွတ်မြောက်လာခဲ့တာလို့ မာတာလန်းရဲ့ပြောကြားချက်အရ သိရပြီး တိုက်ပွဲတွေက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးမှာ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှု နှစ်ခုစလုံး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

KNU ဆီ လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ အခမဲ့နေရာထိုင်ခင်း၊ အစားအသောက်၊ ဘောနပ်စ်တွေ၊ ကြီးမားတဲ့ လစာတွေနဲ့ “ဖောက်သည်ဝန်ဆောင်မှု”အလုပ်အတွက် Call Centers တွေမှာ အလုပ်လုပ်ရမယ်လို့ဆိုတဲ့ မက်လုံးတွေနဲ့ အဆိုပါ ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဆီကနေ အလိမ်ခံခဲ့ရပြီး ထိုင်းကနေ တစ်ဆင့် မြန်မာနိုင်ငံနယ်စပ်က မြဝတီမြို့ထဲကို လူကုန်ကူးခံခဲ့ရကာ အခုလို လိမ်လည်လှည့်ဖျားတဲ့ တရုတ်ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်တင်ခံခဲ့ရသူ ကီဗင် (အမည်လွှဲ)ရဲ့ အဆိုအရ သူတို့ဟာ အမျိုးသမီးတွေနဲ့ လိင်တူချစ်ကြိုက်သူဖောက်သည်တွေကို ပစ်မှတ်ထားသလို သူတို့က ဘဏ္ဍာရေးအရာရှိတွေအဖြစ် ဟန်ဆောင်ကြပြီး ချမ်းသာတဲ့ ဖိလစ်ပိုင်လူမျိုးတွေကိုလည်း ပစ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။

“ဖိလစ်ပိုင်ဈေးကွက်အတွက်ဆိုရင် ဖိလစ်ပိုင်လူမျိုးအသွင်ယူပြီး လိင်တူချစ်သူတွေဈေးကွက်အတွက်ဆိုရင်တော့ စင်ကာပူနိုင်ငံသားအဖြစ် လိမ်လည်ကြပါတယ်” လို့ ကီဗင်က ဆိုပါတယ်။

အဲ့ဒီနောက် လိမ်လည်ခံရသူတွေက ဗီဒီယိုဖုန်းခေါ်ဆိုဖို့တောင်းဆိုရင်လည်း ပြောပေးမဲ့ မော်ဒယ်တွေလည်းရှိသလို ဉာဏ်ရည်တု AI ကိုအသုံးပြုကာ ထုတ်ထားတဲ့ ရုပ်ပုံတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

အဲ့ဒီနောက် သူတို့ဟာ ဖောက်သည်တွေရရှိပြီး နောက်ဆုံးမှာ “ချစ်သူတွေအဖြစ်” ယုံကြည်မှုရအောင်ယူပြီး ရင်းနှီးမြှုပ်နှံမှု​တွေ ပြုလုပ်ခိုင်းကာ လိမ်လည်တာဖြစ်တယ်လို့ ကီဗင်က ပြောပါတယ်။

ဒါပေမဲ့ ကီဗင်နဲ့ သူ့ရဲ့ဖိလစ်ပိုင်အဖော်တွေက လှည့်စားမှုတွေ မပြုလုပ်ချင်တော့ဘဲ​ ကံကောင်းစွာနဲ့ ကီဗင်ဟာ တင်းကျပ်တဲ့ မူဝါဒရှိနေတဲ့ ကုမ္ပဏီအတွင်း သူရဲ့ လက်ကိုင်ဖုန်းကို ဖွက်ပြီး သိမ်းထားနိုင်ခဲ့ကာ ခုလို တာဝန်ရှိသူတွေနဲ့ ဆက်သွယ်နိုင်ပြီး ကယ်တင်ခံရဖို့ ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ဖိလစ်ပိုင်တွေ လူကုန်ကူးခံရတာဟာ မြန်မာနိုင်ငံမှာတင် မကပါဘူး။ အထူးသဖြင့် မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ ဖိလစ်ပိုင်နိုင်ငံသားတွေကို လာအိုနိုင်ငံထဲ လူကုန်ကူးခံနေရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။။

ဗိုလ်မှူးကြီး မာတာလန်းရဲ့ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့်ဟာ ရွှေတြိဂံဒေသရှိ လာအိုနိုင်ငံ၊ ဘိုကီအိုခရိုင်က ကာစီနိုရုံမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂၄ ယောက်ထဲမှာ KK2 Park မှာ အကြာဆုံး လုပ်ကိုင်ခဲ့သူက ၈ လကြာဖြစ်ပြီး အချိန်အတိုဆုံးသူက ၂ လကြာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေပေမဲ့ နယ်စပ်က လိမ်လည်တဲ့တရုတ်ကုမ္ပဏီတွေကတော့ လည်ပတ်နေဆဲဖြစ်တယ်လို့ မာတာလန်းက ပြောကြားခဲ့သလို သတင်းတွေမှာ ဖော်ပြချက်အရ KK Project ဟာ KNU နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လောင်းကစား၊ အချစ်ရေးလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေလုပ်ကိုင်နေကြတဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကုမ္ပဏီဟာ အဆိုပါဧရိယာမှာ ဧက ၁၀၀ ကို နှစ် ၃၀ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေဆီ လူကုန်ကူးခံရမှု ထပ်မဖြစ်ဖို့ လူကုန်ကူးခံရမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်တာနဲ့ နိုင်ငံတစ်ဝန်းက လေဆိပ်တွေနဲ့ ပင်လယ်ဆိပ်ကမ်းတွေမှာ သတင်းအချက်အလက်ပေးမှုဆိုင်ရာလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းနဲ့ လူကုန်ကူးမှုဆိုင်ရာ အသိပညာတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဗိုလ်မှူးကြီး မာတာလန်းက ဖိလစ်ပိုင်အစိုးရကို တိုက်တွန်းခဲ့ပြီး Facebook နဲ့ Tiktok တို့လိုမျိုး လူများစွာ အသုံးပြုတဲ့ ပလက်ဖောင်းတွေမှာလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ အစိုးရအနေနဲ့ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ref; Inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *

Related News