၂၂. ၄. ၂၀၂၄
Written by Ye Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရလက်ထက် သုံးနှစ်ကျော်ကာလတွင် သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၀၀ ကျော်တိုးတက်ခဲ့ပြီး ပို့ကုန်တင်ပို့မှုပမာဏလည်း နိုင်ငံတော်ပို့ကုန်ပမာဏ၏ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်အနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထဲမှာ ဒေါ်လာ ၆ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံမှုတိုးတယ်။ အခုလာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ထပ်တိုးဖို့အတွက်ကို ပြင်ဆင်ထားတဲ့ Proposal တွေရှိတယ်။ လောလောဆယ်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုတိုးတဲ့ဟာက အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်လောက်ဖြစ်သွားတာပေါ့။ ဒါကတော့ ရင်းနှီးမြှုပ်နှံမှုတိုးတဲ့ ပမာဏပေါ့။ ကျွန်တော်တို့ဆီမှာ ပို့ကုန်ပို့တဲ့အခါမှာ မနှစ်ကဆိုလို့ရှိရင် သီလဝါအထူးစီးပွားရေးဇုန်ရဲ့ တည်ဆောက်လာတဲ့ ကာလအတွင်းမှာ အများဆုံး တင်ပို့နိုင်တဲ့ပမာဏရရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ တင်ပို့တဲ့ပို့ကုန်ပမာဏဟာ နိုင်ငံတော်ပို့ကုန်ပမာဏရဲ့ ၂ ရာခိုင်နှုန်းလောက် ကျွန်တော်တို့ ဆောင်ရွက်ထားနိုင်တဲ့အခြေအနေပေါ့” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။

ထို့ပြင် ယခင်က သီလဝါအထူးစီးပွားရေးဇုန်အတွင်း Free Zone ရှိ ကုမ္ပဏီများမှသာ ပို့ကုန်တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ပြီး Promotion Zone ရှိ ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းသို့ ပြန်ရောင်းချနေသည့် ကုမ္ပဏီများကပါ ပြည်ပသို့ တိုးမြှင့်တင်ပို့လာနိုင်ခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာတော့ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၄ ဒီဘက်နှစ်တွေမှာ Promotion Zone ကုမ္ပဏီတွေကပါ ပို့ကုန်တင်ပို့နေတယ်။ Promotion Zone ဆိုတာကတော့ ပြည်ပကနေ ကုန်ကြမ်းသွင်းတယ်။ ကုန်ကြမ်း သွင်းပြီးတဲ့ အခါကြတော့ ပြည်တွင်းထဲကို ကုန်ချောပစ္စည်း သွင်းကုန်အစားထိုးအနေနဲ့ ထုတ်လုပ်ပြီးတော့ ပြည်တွင်းထဲကို ပြန်လည်ရောင်းချတဲ့လုပ်ငန်းတွေ၊ ကုမ္ပဏီတွေဖြစ်တယ်။ အဲဒီကုမ္ပဏီတွေက ပြည်တွင်းထဲ ရောင်းချတဲ့ကိစ္စတွေအပြင်ကို ပြည်ပတင်ပို့ဖို့ကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်လည်း သီလဝါအထူးစီးပွားရေးဇုန်ရဲ့ တင်ပို့မှုပမာဏဟာ ယခင်နှစ်များထက် ပိုမိုများပြားလာတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

SAC အစိုးရ တာဝန်ယူခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၉၄၄ ဘီလျံ (တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံနီးပါး) သာ ခွင့်ပြုနိုင်ခဲ့၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးခဲ့သော်လည်း နိုင်ငံအတွက် အဓိကလိုအပ်နေသော လျှပ်စစ်ကဏ္ဍအတွက် ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလျံ (ရာခိုင်နှုန်း ၄၀ ကျော်) အထိ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *