၂၂. ၄. ၂၀၂၄
Written by Pan Ei

သီရိလင်္ကာနိုင်ငံက စစ်အခြေစိုက်စခန်းမြို့ဖြစ်တဲ့ ဒီယာတာလဝါမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ Fox Hill Supercross ကားမောင်းပြိုင်ပွဲအတွင်း ပြိုင်ကားတစ်စီးက ပရိသတ်တွေဘက်ကို ဝင်တိုက်မိတာကြောင့် လူ ၇ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ပြိုင်ပွဲအရာရှိ ၄ ဦးနဲ့ ပရိသတ်တွေ ပါဝင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့သလို အာဏာပိုင်တွေက အပြည့်အဝ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပေမဲ့ ယာဉ်မောင်းရဲ့အခြေအနေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အဆိုပါ ယာဉ်တိုက်မှုဟာ အခြားကားတစ်စီးက လမ်းပေါ်မှာ တိမ်းမှောက်ခဲ့ပြီးနောက် မကြာမီ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပထမပြိုင်ကားတစ်စီး တိမ်းမှောက်ခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်မှာ တာဝန်ရှိသူတွေက အဝါရောင်မီးတွေကို ဝှေ့ယမ်းကာ ကားတွေကို အရှိန်လျှော့ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အရှိန်လွန်နေခဲ့တဲ့ အနီကားတစ်စင်းကတော့ လမ်းချော်သွားကာ အကာအကွယ်မဲ့ လမ်းဘေးက ပရိသတ်တွေကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ရာနေရာမှာ လူငါးဦးသေဆုံးပြီး နှစ်ဦးက ဆေးရုံအရောက် သေဆုံးသွားခဲ့သလို အခြားသူတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတော့ သီရိလင်္ကာနိုင်ငံသားတွေဟာ ကားမောင်းပြိုင်ပွဲလမ်းကြောင်းတွေဘေးမှာ ဘေးကင်းရေးအတားအဆီးတွေ မရှိခဲ့ခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

Ref; Onenews

Leave a Reply

Your email address will not be published. Required fields are marked *