၂၂. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းတောင်ပိုင်းနယ်စပ်မှာ ရဲတပ်ဖွဲ့ဟာ မသင်္ကာဖွယ် ကားနှစ်စီးကို လိုက်လံစစ်ဆေးပြီးနောက် မြန်မာနိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦးနဲ့အတူ ထိုင်းယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားအင်ဂျင်နီယာတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲအရာရှိတွေဟာ စနေနေ့က မောင်းခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာမယ်ဆိုတဲ့သတင်းကို ရရှိပြီးနောက် အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေဟာ အဝေးပြေးလမ်းအမှတ် ၄၃ မှာ ကင်းလှည့်ခဲ့ကြပြီး မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားနဲ့ တိုယိုတာ Fortuner ကားတစ်စီးတို့ကို တွေ့ရှိခဲ့ရာ ရပ်တန့်စေခဲ့ပါတယ်။ ပစ်ကပ်ယာဉ်မောင်းက ကားကိုရပ်တန့်ပေးခဲ့ရာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈ ဦးကို ယာဉ်အတွင်းမှာ ရှာတွေ့ ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် Fortuner ယာဉ်မောင်းကတော့ မရပ်ပေးခဲ့ဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ အဲ့ဒီနောက် Fortuner ယာဉ်ဟာ အရှိန်လွန်ကာ လမ်းချော်ပြီး မြောင်းထဲ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြောင်းထဲကျခဲ့တဲ့ကားကို နရသီဝတ်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါကားအတွင်း မြန်မာနိုင်ငံသား ၇ ဦးကို တွေ့ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေထဲက ထွက်ပြေးကာ မလေးရှားမှာ အလုပ်လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ကြပြီး ခရီးစဉ်တွေအတွက် ကားခအနေနဲ့ ဘတ် ၅၀၀၀ နဲ့ ဘတ် ၇၀၀၀ အသီးသီးပေးခဲ့ရကာ မြန်မာနိုင်ငံက အလုပ်ပွဲစားတစ်ဦးက သူတို့သွားမဲ့နေရာကိုရောက်ရင် ဘတ်ငွေ ၈၇,၇၀၀ စီ ပေးဖို့လည်း တောင်းထားကြောင်း ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုလက်ရှိမှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦးကို နိုင်ငံထဲ တရားမ၀င် ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားပြီး ယာဉ်မောင်းတွေကို ရွှေ့ပြောင်းနေထိုင်သူတွေ ဖမ်းဆီးခံရခြင်းကနေ ရှောင်ရှားနိုင်အောင် ကူညီပေးမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ မလေးရှား-ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံသားတွေ အများဆုံး ခိုးဝင်ခဲ့တယ်လို့လည်း မလေးရှားက တာဝန်ရှိသူတွေက အခုလ ၁၀ ရက်က ပြောကြားခဲ့ပါတယ်။

Ref; Bangkok Post, New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *