၂၂. ၄. ၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ၊ ပုသိမ် – မော်တင်ကားလမ်း၊ ရွာဟောင်းကြီးအနီး၊ ချီပါတောင်တွင် ဧပြီလ ၂၁ ရက် ည ၈ နာရီ၂၀ မိနစ်ခန့်က ဘုရားဖူးယာဥ်တစ်စီး ချောက်ထဲကျ တိမ်းမှောက်ခဲ့ရာ ကိုရင်တစ်ပါး ပျံလွန်ခဲ့ပြီး ဘုရားဖူးခရီးသည် ၂၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဥ်မှာ ဘုရားဖူးခရီးသည် ၂၀ ကျော် လိုက်ပါလာသော လိုက်ထရပ်ယာဥ်မှာ အရှိန်လွန်ကာ ပေ ၄၀ ခန့်နက်သော လမ်းဘေးချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

 

“ဖြစ်တဲ့နေရာနားက တောင်အတက်မှာ ကွေ့ရမယ့်အကွေ့တစ်ခုရှိတယ်။ ညကလည်းမှောင်၊ ကားကလည်းအရှိန်ပါမှာရယ် လူတွေရဲ့ဝိတ်တွေနဲ့ဆိုတော့ ဘေးက ဖြူနီတိုင်တွေကို တိုက်ပြီး ကားချောက်ထဲကျသွားတာ “ဟု ကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်ခဲ့သည့် မြင့်မြတ်ကရုဏာ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

လိုက်ပါလာသော ဘုရားဖူးရီးသည်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးရွာမှ ၅ ဦးနှင့် ကျန်ခရီးသည်များမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး တစ်ဖက်ကမ်း သာမညရွာတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူ ၂၀ ကျော်အနက် အသက် ၇ နှစ်အရွယ် ကိုရင်တစ်ပါးပျံလွန်ခဲ့ပြီး အသက် ၄ နှစ်မှ ၇ နှစ်ဝန်းကျင် ကလေး ၃ ဦး အပါအဝင် ၁၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

 

ဒဏ်ရာရရှိသူများအနက် အသက် ၄၅ နှစ်အရွယ်ခန့်မှ ၆၀ ၀န်းကျင်ခန့်မှာ အရိုးပိုင်းဆိုင်ရာများထိခိုက်ဒဏ်ရာရရှိမှုများ၊ ပွန်းပဲ့ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

ဘုရားဖူး လိုက်ထရပ်ယာဥ် ချောက်ထဲကျ တိမ်းမှောက်မှုကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီမှ မိတ်ဖက် ပရဟိတအသင်းများက လူနာတင်ယာဥ် ၇ စီး၊ အဖွဲ့ဝင် ၂၀ ကျော်ဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးများ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသူများကို ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *