၂၂. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မှာ ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်ဦးရေဟာ တနင်္ဂနွေနေ့က ၃,၀၀၀ ခန့်ရှိခဲ့ရာက တနင်္လာနေ့မှာ ၁,၀၀၀ ခန့်ကို ကျဆင်းသွားခဲ့သလို မြဝတီမြို့တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြေလျော့သွားကာ ညှိနှိုင်းမှုတွေ စတင်ခဲ့တယ်လို့ ထိုင်းတပ်မတော် တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆာအမ်ဆီရီရတ်က တနင်္လာနေ့ မနက်ပိုင်းက ထိုင်း PBS သတင်းဌာနကိုပြောကြားချက်အရ ဒီနေ့ မနက်ပိုင်းမှာ နှစ်ဖက်စလုံးက ပဋိပက္ခတွေအတွက် ဆွေးနွေးနေကြပြီး မြန်မာအစိုးရ စစ်ကူတွေက ကော့ကရိတ်ကနေ မရောက်သေးဘူးလို့ဆိုကာ တိုက်ပွဲတွေကြောင့် မြဝတီကနေ နယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးလာသူ အများစုဟာ အခု မဲဆောက်ကနေ နေရပ်ပြန်နေကြပါပြီ လို့ ပြောကြားခဲ့ပါတယ်။

မဲဆောက်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၁ ကို ခြေကျင်လျှောက်လူသွားလူလာနဲ့ ယာဉ်အသွားအလာအတွက် ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဆန်က ပြောကြားခဲ့သလို ထိုင်း တပ်မ ၃ က နယ်စပ်တလျှောက်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ မကြာသေးမီက မဲဆောက်မြို့က နေအိမ်တစ်အိမ်ကို မြန်မာဘက် ကျည်ဆန်ထိမှန်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းလည်း တိုင်းမှူးက ပြောကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဆရက်သာ သာဗီဆင်ကလည်း ထိုင်း-မြန်မာနယ်စပ်အခြေအနေတွေကို စစ်ဆေးဖို့ မနက်ဖြန် မဲဆောက်ကို လာမှာဖြစ်ပြီး နယ်စပ်တိုက်ပွဲတွေကြောင့် ဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး အခြေအနေအားလုံး ကိုင်တွယ်ဖြေရှင်းဖို့၊ အဖွဲ့အစည်းအားလုံးကို ကြိုတင်ပြင်ဆင်ထားဖို့လည်း သာဗီဆင်ကပြောထားပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *