◼️ရုရှားနိုင်ငံ၏ပိုင်ဆိုင်မှုများနှင့် တရုတ်နိုင်ငံ၏ TikTok မီဒီယာတို့ကိုပါ ပိတ်ဆို့ရေး ဥပဒေကြမ်းက ရည်ရွယ်

၂၂. ၄. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်အောက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်အမတ်များက သမ္မတ ဂျိုးဘိုင်ဒန်အစိုးရ၏ ယူကရိန်း၊ အစ္စရေးနှင့်အင်ဒို-ပစိဖိတ် ဒေသများသို့ ဒေါ်လာ ၉၅ ဘီလျံ အထောက်အပံ့ပေးရေးအစီအစဥ်ကို လပေါင်းများစွာပိတ်ဆို့ကန့်ကွက်ထားခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်ကမူ အောက်လွှတ်တော်က အတည်ပြုခဲ့ရာ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တိုက်ခိုက်မှုများတိုးမြင့်လာမည်လော စိုးရိမ်မှုများထွက်ပေါ်လာခဲ့သည်။

အပိုင်းလေးပိုင်းပါဝင်သော အဆိုပါထောက်ပံ့ရေးအစီအစဉ်ကို အောက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် နှစ်ပါတီစလုံးမှ အမတ်အများစုက ထောက်ခံခဲ့ကြသည်။

ထိုအစီအစဉ်အရ ယူကရိန်းသို့ ဒေါ်လာ ၆၁ ဘီလျံထောက်ပံ့မှုပြုမည်ဖြစ်ပြီး၊ အစ္စရေးနှင့် ဂါဇာဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားနေသောဇုန်များအတွင်း အရပ်သားများအတွက် လူသားချင်းစာနာမှုအထောက်အပံ့အဖြစ် ဒေါ်လာ၂၆ ဘီလျံနှင့် အဓိက တရုတ်တိုင်ဝမ်သို့ဖြစ်သော အင်ဒို-ပစိဖိတ် ဒေသအတွက် ဒေါ်လာ ရှစ်ဘီလျံ အကူအညီပေးရေးတို့ ပါဝင်သည်။

အောက်လွှတ်တော်တွင် ယူကရိန်းအထောက်အပံ့ပေးရေးဥပဒေကြမ်းအား ၃၁၁ မဲ-၁၁၂ မဲ ဖြင့်လည်းကောင်း၊ အစ္စရေးနှင့်ဂါဇာဒေသ အထောက်အပံ့ပေးရေးအတွက် ၃၆၆ မဲ-၅၈ မဲ ဖြင့်လည်းကောင်း၊ အင်ဒို-ပစိဖိတ်ဒေသအထောက်အပံ့ပေးရေးအတွက် ၃၈၅ မဲ-၃၄ မဲ ဖြင့်လည်းကောင်း ထောက်ခံ အတည်ပြုခဲ့ကြသည်။ ယူကရိန်းအထောက်အပံ့ပေးရေး ဥပဒေကြမ်းက အမေရိကန်အောက်လွှတ်တော်တွင် အချိန်ကြာ့မြင့်စွာ အချေအတင်အဖြစ်ဆုံး ဥပဒေကြမ်းလည်းဖြစ်ခဲ့ကာ ဂျိုးဘိုင်ဒန်အစိုးရ၏ အဆိုပါအစီအစဉ်အား ဒီမိုကရက်အမတ်များက တစ်ညီတစ်ညွတ်တည်းထောက်ခံခဲ့ကြပြီး ရီပတ်ဘလစ်ကန်အမတ်များအတွင်း သဘောထားကွဲလွဲခဲ့ကြခြင်းဖြစ်သည်။

ထိုထောက်ပံ့ရေးအစီအစဉ်အဆိုပြုချက်တွင် စတုတ္ထဥပဒေကြမ်းက ထိန်းချုပ်ကန့်သတ်ထားသော ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများကို သိမ်းယူရေးအတွက် ပိတ်ဆို့မှုများပြုရန်နှင့် တရုတ်နိုင်ငံ၏ လူမှုမီဒီယာဆော့ဖ်ဝဲလ်ဖြစ်သည့် TikTok အမေရိကန် နိုင်ငံအနှံ့ပိတ်ဆို့မှုများပြုသွားရန်တို့လည်း ပါဝင်ကြသည်။ အကယ်၍ ၎င်းဥပဒေကြမ်းကိုနောက်ဆုံးအတည်ပြုပြီးပါက TikTok ကိုထုတ်ဝေဖြန့်ချိသော တရုတ်အပြည်ပြည်ဆိုင်ရာအင်တာနက်နည်းပညာကုမ္ပဏီ ဘိုတ်ဒန့်စ် (ByteDance) ကို ကုမ္ပဏီအား ရောင်းချရန် ကိုးလအချိန်ပေးမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်နိုင်ငံတွင် ကွန်ပျူတာပရိုဂရမ် အရင်းအမြစ်များ၌ ပိတ်ဆို့သွားရန် ဥပဒေကြမ်း၌ပါဝင်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဧပြီလ ၂၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ခဲ့ရာ၌ အောက်လွှတ်တော်ရှိ ပါတီနှစ်ခုစလုံးမှအမတ်များက အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံမှုအကျိုးစီးပွားများတိုးပွားမှုရှိစေရန်နှင့် ကမ္ဘာ့စင်မြင့်တွင် အမေရိကန်၏ခေါင်းဆောင်မှုအာဏာ ဆက်လက်တည်ရှိရန် ထောက်ခံမဲပေးခဲ့ကြခြင်းဟု ဖော်ပြခဲ့သည်။

အမေရိကန်အောက်လွှတ်တော်က ထိုသို့ အတည်ပြုခဲ့သော ဥပဒေကြမ်းအရ တရုတ်နိုင်ငံမှ TikTok လူမှုမီဒီယာဆော့ဖ်ဝဲလ်အား ဖြန့်ချိသည့် ByteDance ကုမ္ပဏီက တစ်နှစ်အတွင်း ရှယ်ယာများကို ပြန်လည်ရောင်းချမှုမပြုလျှင် အမေရိကန်နိုင်ငံအတွင်း ပိတ်ဆို့ခံရမည်ဟုပါရှိရာ TikTok အနေဖြင့် လွတ်လပ်စွာပြောဆိုမှုအတွက် အထူးစိုးရိမ်မိကြောင်း ဧပြီလ ၂၁ ရက်က ထပ်မံ ပြောကြားသွားခဲ့သည်။

အောက်လွှတ်တော်က ဥပဒေကြမ်းအား ထောက်ခံမဲ ၃၆၀ မဲ- ကန့်ကွက်မဲ ၅၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။၎င်းအားအထက်လွှတ်တော်ကပါဆက်လက်အတည်ပြုမည်ဆိုပါက နောက်ဆုံးအနေနှင့် သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးအတည်ပြုရမည်ဖြစ်သည်။ ဂျိုးဘိုင်ဒန်က ၎င်းအနေနှင့် TikTok အား ပိတ်ဆို့ရန်အတွက် ဥပဒေဖြစ်လာစေရန် အတည်ပြုလက်မှတ်ထိုးမည်ဟု ယခင်ကလည်းပြောခဲ့သည်။

တရုတ်အစိုးရက TikTok ဖြန့်ချိရေးကုမ္ပဏီဖြစ်သော ByteDance ကို ၎င်းအားအသုံးပြုသည့် အမေရိကန်နိုင်ငံသား သန်း ၁၇၀ ၏ကိုယ်ရေးအချက်များကိုရယူရန် အတင်းအကျပ်စေခိုင်းနိုင်သောကြောင့် TikTok က အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ဒီမိုကရက်နှင့်ရီပတ်ဘလစ်ကန်ပါတီတို့မှအမတ်များနှင့် ဘိုင်ဒန်အစိုးရကပါ ပြောကြားထားကြသည်။

TikTok က အမေရိကန်အစိုးရအနေနှင့် ၎င်းအားပိတ်ဆို့အရေးယူမှုများပြုမည်ဆိုပါက ထိုဥပဒေကြမ်းက အမေရိကန်နိုင်ငံသား သန်း ၁၇၀ ၏လွတ်လပ်စွာပြောဆိုပိုင်ခွင့် အခွင့်အရေးများကို ဖြတ်တောက်ခြင်း‌ဖြစ်မည်ဟု ဖေဖော်ဝါရီလက ဝေဖန်ခဲ့သေးသည်။ ဧပြီလ ၂၁ ရက်တွင်လည်း အောက်လွှတ်တော်၏ အတည်ပြုခဲ့မှုက လွတ်လပ်စွာပြောဆိုခွင့်ကို အမေရိကန်အနေဖြင့် စော်ကားလိုက်ခြင်းကိုပြသရာရောက်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

Ref-CNN, AP, CNA

Leave a Reply

Your email address will not be published. Required fields are marked *