၂၁ .၄ .၂၀၂၄
Written by MMAK

FA Cup ဆီမီးဖိုင်နယ် ဒီပွဲမှာ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုရဲ့ ပွဲထွက်ကစားသမားလူထုတ်ပုံကိုက စလွဲနေခဲ့တာတွေ့ရသလို တိုက်စစ်မှာ ဦးနှောက်မပါတဲ့ ဂျက်ဆင်နဲ့ မာဒူကီကို ပွဲထုတ်လာခဲ့ပြီး တစ်ကွင်းလုံး ပတ်ပြေးဖို့သာ သိတဲ့ ဂါလက်ချာနဲ့ ဘယ်စွန်နောက်တန်းမှာ ပြာကလပ်စိန် ကူကူရယ်လာတို့ကို ပွဲထွက်ကစားစေခဲ့ပါတယ် ။

ပထမပိုင်းပွဲကစားချိန်တွေမှာ နှစ်သင်းလုံး ထိန်းကစားနေခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်ကစားခဲ့ရတာကြောင့် နားရက်သိပ်မရဘဲ ပွဲပန်းနေခဲ့တဲ့ မန်စီးတီးအသင်းကစားသမားတွေက ပွဲကိုထိန်းချုပ်ကစားနေခဲ့ပြီး ဘောလုံးကိုင်ကစားနေခဲ့ပါတယ်။

ပွဲကစားချိန် မိနစ်သုံးဆယ်လောက်မှာ ချဲလ်ဆီးတိုက်စစ်မှူး ဂျက်ဆင် အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ကန်သွင်းခွင့်ရခဲ့တာ ဖြစ်ပေမဲ့ ဆုံးဖြတ်ချက်မပြတ်သားခဲ့တာကြောင့် သွင်းဂိုးမရခဲ့ဘဲ ချဲလ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲစလို့ လေးမိနစ်လောက်မှာတင် ဦးနှောက်မပါတဲ့ ဂျက်ဆင် ဂိုးကန်သွင်းခွင့်တစ်ကြိမ်ကို အသုံးမချနိုင်ခဲ့သလို အပိုင်ခေါင်းတိုက်ခွင့်ရတဲ့ အခွင့်အရေးကိုလည်း သွင်းဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲကစားချိန်မိနစ်ငါးဆယ်ကျော်မှာ ချဲလ်ဆီးအသင်း ပြစ်ဒဏ်ဘော ကန်သွင်းချက်ကနေ မန်စီးတီးကစားသမား ဂရေးလစ် လက်ထိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ချဲလ်ဆီးအသင်း ပင်နယ်တီရမဲ့အခွင့်အရေးလည်း နစ်နာခဲ့ရပါတယ်။

မန်စီးတီးအသင်း ကစားသမားတွေ ပွဲပန်းနေတာ အရမ်းသိသာသလို ခြေစွမ်းကောင်း မပြသနိုင်တဲ့ အချိန်မှာတောင် ချဲလ်ဆီးက ပိုညံ့တဲ့အသင်း ဖြစ်နေခဲ့ပါတယ်။ ဒိုကူလူစားလဲ ဝင်ရောက်လာပြီး နောက်ပိုင်း မန်စီးတီးရဲ့ ဘယ်ခြမ်းတိုက်စစ် ပိုကောင်းလာခဲ့သလို ဖိုဒန်နဲ့ ဒိုကူတို့ရဲ့ကန်ချက်ကို ဂိုးသမား ပီထရိုဗစ် ကာကွယ်နိုင်ခဲ့ပေမဲ့ ဒိုကူနဲ့ ဒီဘရိုင်းတို့ရဲ့ တွဲလုံးကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘာနာဒိုဆေးဗားလ် ကန်သွင်းရာမှာတော့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးက နောက်တစ်ဆင့်တက်နိုင်မဲ့ ဂိုးရဖို့အခွင့်အရေး ပိုများခဲ့တာ ဖြစ်ပေမဲ့ အနိုင်ဂိုးရသွားခဲ့တာက မန်စီးတီးပါ။ ဒီပွဲစဉ်ရဲ့ အရှုံးဟာ နည်းပြပိုချက်တီနိုရဲ့ ပွဲထွက်ကစားသမား အခင်းအကျင်းညံ့ဖျင်းမှု၊ လူစားလဲကစားသမား မှားယွင်းမှုနဲ့ တိုက်စစ်ကစားသမား ဂျက်ဆင်တို့ရဲ့ အသုံးမကျမှုတို့ကြောင့် ချဲလ်ဆီးအသင်း ဒီရာသီမှာ ဘာဖလားမှ မရနိုင်တော့သလို ဥရောပဝင်ခွင့်တစ်နေရာရဖို့တောင် ယုံစားလို့မရတဲ့ အသင်းဖြစ်နေပါတယ်။ မန်စီးတီး ဖိုင်နယ်တက်သွားခဲ့တာဖြစ်ပြီး ဒီနေ့ညကစားမဲ့ မန်ယူနှင့် ကိုဗင်ထရီအသင်းတို့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာ ဖြစ်လို့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဗိုလ်လုပွဲလည်း ခြိမ့်ခြိမ့်သဲသဲ ပွဲဆူကြဦးမဲ့ အခြေအနေပါ။

Leave a Reply

Your email address will not be published. Required fields are marked *