၂၀. ၄. ၂၀၂၄
Written by Zaw Moe

မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များအား ဒရုန်းဖြင့် Drop Bomb ပစ်ချခြင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့် KNU/PDF အဖွဲ့များအား လေကြောင်းပစ်ကူရယူ၍ တန်ပြန်နှိမ်နင်းခဲ့ခြင်းကြောင့် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်‌ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများ KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့က နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်အနီး တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ နယ်စပ်ဒေသရှိ နိုင်ငံပြည်သူလူထုတို့အား ကြောက်ရွံ့ထိန့်လန့်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အားအသုံးပြု၍ တိုက်ပွဲဖော်ဆောင်ခဲ့သည်။

ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ဖြင့် တိုက်ပွဲဖော်ဆောင်လာမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှု မရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူပစ်အား ရယူ၍ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဧပြီ ၁၉ ရက် ယမန်နေ့ ည ၇ နာရီကျော်အချိန်မှစ၍ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီး ခလရ (၂၇၅)မှ လုံခြုံရေးတပ်ဖွဲဝင်များကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များ ဒရုန်းနှင့် အမှောင်အားပြု စတင်တိုက်ခိုက်ခြင်းကြောင့် တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် AEC อาเซียน News သတင်းဌာန ဖော်ပြမှုအရ သိရသည်။

ပုံစာ။ တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူများနှင့် ထိုင်းဘက်ခြမ်းလုံခြုံရေးတင်းကျပ်မှု(Photo- AEC News & CJ)

Leave a Reply

Your email address will not be published. Required fields are marked *