၂၀.၄.၂၀၂၄.
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရဲ့ ထင်ရှားလှတဲ့ တိုင်းမ်စကွဲယားရပ်ကွက်ရှိ ဖြာကျနေတဲ့ မီးရောင်တွေအောက်မှာ နိုင်ဂျီးရီးယား စစ်တုရင် မာစတာတစ်ဦးဖြစ်တဲ့ တွန်ဒီ အိုနာကိုရာက ဧပြီလ ၁၉ ရက်ညမှာပဲ စစ်တုရင်ကို အချိန်အကြာဆုံးတစ်ဆက်တည်း စံချိန်တင်ကစားကာ စစ်တုရင် မာရသွန်ဆုကို ရယူသွားခဲ့ပါတယ်။

စစ်တုရင်ဘုတ်ရှေ့မှာ တွန်ဒီ အိုနာကိုရာက ၅၈ နာရီကြာထိုင်ရာမထ တစ်ဆက်တည်းကစားပြခဲ့ပြီးတဲ့ နောက်မှာတော့ သန်းပေါင်းများစွာသော ကလေးငယ်တွေကို စစ်တုရင်ပညာသင်ကြားဖို့ရာ ငွေကြေးအထောက်အပံ့အဖြစ် ဒေါ်လာ တစ်သန်း(ပေါင်စတာလင် ၈၀၅,၀၀၀) ကောက်ခံရရှိဖို့ သူကမျှော်လင့်ထားပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အိုနာကိုရာက ၅၈ နာရီကြာတစ်ဆက်တည်း စစ်တုရင် ကစားခဲ့တာမှာ အရင် ၂၀၁၈ ခုနှစ်အတွင်းမှာ နော်ဝေစစ်တုရင်ကစားသမားနှစ်ဦးရဲ့ ၅၆ နာရီ၊ ၉ မိနစ်နဲ့ ၃၇ စက္ကန့်ကြာတစ်ဆက်တည်းကစားခဲ့တဲ့ စံချိန်ကိုချိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့ခြင်းပါပဲ။ အိုနာကိုရာက လာဂိုးစ်မြို့ရဲ့ ရေပေါ်မျောနေတတ်တဲ့ ကျူးကျော်ရပ်ကွက်တစ်ခုအတွင်း မွေးဖွားလာတဲ့သူ့အဖို့ ဆင်းရဲမှုဘေးကိုကျော်လွှားနိုင်ဖို့ စစ်တုရင်ကစွမ်းဆောင်ပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ သူက အမြတ်အစွန်းအတွက်မရည်ရွယ်ဘဲဖွဲ့စည်းထားတဲ့ Chess in Slums Africa အဖွဲ့အစည်းက ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းရှိ ကလေးတွေကို စစ်တုရင်ပညာသင်ကြားပေးကာ သူတို့ရဲ့ ပညာရေးမှာလည်း အထောက်အပံ့တွေပေးပါတယ်။ အိုနာကိုရာက အမေရိကန်ရှိ အမြတ်အစွန်းအတွက် မရည်ရွယ်တဲ့ The Gift of Chess အဖွဲ့မှာလည်း ဘုတ်အဖွဲ့ဝင်တစ်ဦးပါ။ ဒီအဖွဲ့ကလည်း စစ်တုရင်ကစားခြင်းဖြင့် မိမိတို့ဘဝတွေကိုပြောင်းလဲနိုင်ဖို့ဆောင်ရွက်ပေးနေပြီး စစ်တုရင် ကစားခုံတစ်သန်းကိုလည်း ဆင်းရဲမွဲတေပြီး အကူအညီမဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေထံ ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထား ဖြန့်ဝေပေးနိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *