၂၀. ၄. ၂၀၂၄
Written By Thandar

ဂီတလောကထဲ ဆယ်စုများစွာ ဖြတ်သန်းနေတဲ့ တေးဂီတမှူးနိုင်ဇော်ကတော့ “စစ်ကိုင်းလမ်း” တေးသီချင်းကို ပြန်လည်တီးခတ်ပြီး စေတနာနဲ့ ကူညီပေးတဲ့သူ့ကို စီစဉ်သူဆိုသူက Facebook ပေါ်မှာ ဝေဖန်တာ ကိုယ့်အမှားကိုယ်သိပြီး တရားဝင် ပြန်လည်တောင်းပန်ဖို့ MT Entertainment က တစ်ဆင့် ပြောပါတယ်။

“တကယ်တော့ ဒီကိစ္စက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ သူက ဘယ်လိုအရာနဲ့မှမဆိုင်ဘူး။ ဥပဒေနားမလည်ဘဲ လျှောက်ရေးထားတာပါ။ ဂီတအစည်းအရုံးကလည်း သိတယ်။ တရားဝင်တောင်းပန်ခိုင်းထားပါတယ်။ သူ့အမှားကို သူသိပေမယ့် ဒီအတိုင်းသိနေလို့ မရပါဘူး။ လူသိရှင် ကြားဖြစ်နေပြီလေ။ တရားဝင်တောင်းပန်မှရမှာပါ။ ကျွန်တော်က နှုတ်တစ်ရာ စာတစ်လုံး အားလုံးရေးသားထားတာပါ။ အထောက်အထားအားလုံးလည်း ကျွန် တော့်မှာရှိပါတယ်” လို့ ဂီတမှူး နိုင်ဇော်က ပြောပါတယ်။

အဆိုတော်အသစ် ရှင်နန်းအပေါ် အနိုင်ကျင့်မခံရစေဖို့ရေးပြတဲ့ အတွေ့အကြုံသင်ခန်းစာအနေနဲ့ပတ်သက်ပြီး ဂီတအစည်းအရုံးကို တိုင်စာတင်ထားခဲ့တာလည်းဖြစ်ပါတယ်။ စီစဥ်သူအဆိုတော်ဆိုသူကိုခေါ်တွေ့ဖို့ လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ပြန်လည်ဖြေရှင်း တောင်းပန်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အကယ်၍ တရား စွဲဆိုမယ်ဆိုပါက အသရေ ဖျက်မှု ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေ ဆွဲချက်တင်နိုင်တယ်လို့ ဆိုပါတယ်။

“အရင်က ကလေးတွေ ခြောက်သလို ကျွန်တော်ကိုခြောက်လို့ မရပါဘူး။ ကျွန်တော်ရေးထားတယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အားလုံး နားလည်အောင်ရေးသားထားပါတယ်။ စီစဉ်သူ အနေနဲ့ ကောင်မလေးကို ရမလားလို့ ဝင်ပြီးလုပ်တာပါ။ ညစ်ပတ်ပြီးတော့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ သဘောပါ။ မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တာပါ။ ကျွန်တော့်လို မဆီမဆိုင် ကူညီပေးတဲ့ သူကို ရမလားလို့ လုပ်ကြည့်တာပါ။ သူ့ဘက်က ပြောတာအ ထောက်အထားအားလုံးရှိပါတယ်။ အသရေဖျက်မှုရော ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ အကုန်အကျုံးဝင်ပါတယ်။ ကိုယ့်ဘက်က မပြောမဆိုလုပ်ရင် ညစ်ပတ်ထင်မှာဆိုးလို့ အတိအလင်းအသိပေးလိုက်တာပါ” လို့ သူ့ကဆက်ပြောပါတယ်။

အဆိုပါ တေးရေး ဆရာနေဝင်းဆီက “စစ်ကိုင်းလမ်း” တေးသီချင်း ဝယ်ယူသီဆိုသူ တေးသံရှင် ရှင်နန်း အပေါ် တေးရေးတေးဆိုစီစဥ်သူ အောင်နိုင် ဆိုသူက ဝေဖန်မှုနဲ့ပတ်သက်ပြီး နိုင်ဇော့်နာမည်အတိအကျထည့်ရေးရာက ယခုလိုဖြစ်ရပ်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *