မြန်မာ-ထိုင်းနယ်စပ်မှာ သူပုန်တွေက မြန်မာအစိုးရကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

၂၀. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနဲ့ ထိုင်းနိုင်ငံ အရှေ့ဘက်နယ်စပ်မှာ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေ၊ မီဒီယာတွေနဲ့ ထိုင်းအစိုးရတို့ရဲ့ ပြောကြားချက်အရ သိရပြီး လက်နက်ကိုင် သူပုန်တွေက နယ်စပ်ဖြတ်ကျော် တံတားတစ်ခုမှာ ရက်အတန်ကြာ ခိုအောင်းနေတဲ့ မြန်မာ့တပ်မတော်သားတွေကို နှိမ်နင်းဖို့ ဖိအားပေးတိုက်ခိုက်နေတာကြောင့် အရပ်သား ၂၀၀ ခန့် ထွက်ပြေးခဲ့ရတယ်လို့လည်း ရိုက်တာသတင်းဌာနက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

လက်နက်ကိုင်သူပုန်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြန်မာနိုင်ငံဘက်ခြမ်းက အဓိကကုန်သွယ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ဧပြီလ ၁၁ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာတပ်မတော်ကို ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ်ရှိ မျက်မြင်သက်သေသုံးဦးက သောကြာနေ့နှောင်းပိုင်းကနေ စနေနံနက်အစောပိုင်းအထိ မဟာဗျူဟာကျတဲ့တံတားတစ်ခုအနီးမှာ ဖောက်ခွဲမှုတွေနဲ့ စက်သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရကြောင်း ပြောကြားခဲ့သလို ထိုင်းနိုင်ငံထဲ ယာယီခိုလှုံဖို့ လူ ၂၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့လည်း ထိုင်းမီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။

ထိုင်းရုပ်သံလိုင်း NBT က ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X က ပို့စ်တစ်ခုမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာအစိုးရ တပ်သား ၂၀၀ ခန့်ကို ပစ်မှတ်ထားကာ ၄၀ mm စက်သေနတ်တွေနဲ့ ဒရုန်းတွေကနေ ဗုံးအလုံး ၂၀ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Khaosod ထိုင်းသတင်းစာကလည်း X မှာ တင်ထားတဲ့ ပို့စ်တခုမှာ မြန်မာအရပ်သား အများစုဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ထိုင်းစစ်သားတွေက ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့နေရာမှာ ထိန်းသိမ်းကြပ်မတ်ပေးနေတဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။

ဒါ့အပြင် AEC News မှာလည်း ထိုင်းဘက်ကနေအိမ်တစ်ခု မြန်မာဘက်က KNU နဲ့ PDF တွေ ပစ်ခတ်တဲ့ကျည်တစ်ထောင့်ထိမှန်ခဲ့တာလည်း ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အဆိုပါ နယ်စပ်က တိုက်ပွဲတွေကို တုံ့ပြန်တဲ့အနေတဲ့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က မငြိမ်မသက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ရင် လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီလိုတိုက်ပွဲတွေက ထိုင်းရဲ့ နယ်မြေစိုးမိုးရေးကို ထိခိုက်တာမျိုး မမြင်ချင်ပါဘူး။ ငါတို့ရဲ့ နယ်စပ်နဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ အဆင်သင့်ပါပဲ” လို့ ဆိုရှယ်မီဒီယာ X မှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ခြမ်းက အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးတွေလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး အေဂျင်စီတွေနဲ့ ဆွေးနွေးနေတယ်လို့လည်း မနေ့က ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *