၂၀.၄.၂၀၂၄.
Translated by Htwe Ko Tun

အီရတ်နိုင်ငံအတွင်း အီရန်ကထောက်ခံမှုပြုထားသော စစ်သွေးကြွများ၏ အခြေစိုက်စခန်းတစ်ခုသို့ လေကြောင်းမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတစ်ခုကြောင့် ပေါက်ကွဲသံငါးချက်ကို ဧပြီလ ၁၉ ရက် ညပိုင်းက ကြားခဲ့ကြရရာ အနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသလုံခြုံရေးအရာရှိတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောခဲ့သည်။

ပေါက်ကွဲမှုများက စစ်အင်အားစုဆောင်းရေးတပ်ဖွဲ့များ၏ စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစခန်းက ဘက်ဂဒက်မြို့တော်၏တောင်ဘက် ၃၀ မိုင် အကွာတွင်ရှိကြောင်းလည်းသိရသည်။

အစ္စရေးတို့က အီရန်နိုင်ငံသို့ တိုက်ခိုက်မှုအပြီး နောက်တစ်ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှု၌ ၎င်းတို့တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစ္စရေးနှင့် အမေရိကန်အရာရှိများက ပြောခဲ့ကြသည်။

အဆိုပါ PMU စစ်သွေးကြွအုပ်စုက အီရတ်နိုင်ငံအတွင်းအခြေစိုက်သော အီရန်ထောက်ခံသည့် ရှီအိုက် အပျော်တန်းတပ်ဖွဲ့တစ်ခုဖြစ်ကာ ဒေသတွင်းရှိ အခြားသော အီရန်ကထောက်ခံသည့်အုပ်စုများနှင့် မတူဘဲ ဒေသခံအီရတ်အစိုးရနှင့်ဆက်သွယ်မှုရှိသလို အီရတ်တွင် နိုင်ငံရေးအရလွှမ်းမိုးသော အီရန်မဟာမိတ် ရှီအိုက်အုပ်စုများနှင့်လည်း အနီးကပ်ဆက်သွယ်မှုရှိသည်။

PMU အုပ်စု၏ ပေါက်ကွဲမှုဖြစ်ခဲ့သော ကာလ်ဆု စစ်အခြေစိုက်စခန်းက အယ်လ်မာရှရိုးခရိုင်အတွင်း အဝေးပြေးလမ်းမကြီး၏ ဘေးတွင်ရှိကြောင်း၊ ပေါက်ကွဲမှုများကို စုံစမ်းစစ်ဆေးနေကြောင်း၊ ပေါက်ကွဲမှုကြောင့် ပစ္စည်းဆုံးရှုံးမှုများရှိကြောင်း ပြောခဲ့သည်။

အဆိုပါပေါက်ကွဲမှုက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများမြင့်တက်လာနေချိန်၊ အစ္စရေးက ဟားမားစ်တို့အား ဂါဇာဒေသတွင် စစ်ဆင်နွှဲနေချိန်နှင့် အစ္စရေးနှင့်အီရန်အကြား ဧပြီလအတွင်း အပြန်အလှန်လက်စားချေတိုက်ခိုက်မှုများဖြစ်ပွားနေချိန်တွင် ဖြစ်ခဲ့ရခြင်းဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *