၂၀. ၄. ၂၀၂၄
Written by Shwe Phyo

စင်ကာပူအခြေစိုက် အဖွဲ့အစည်း၊ ကုမ္ပဏီများ၏ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချမှုများသည် ၈၃ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်ရေးအထူးကိုယ်စားလှယ်တစ်ဦးဖြစ်သော သောမတ်အန်ဒရူးက ဖွင့်ဟလိုက်ပြီး မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့မှု လျော့နည်းစေရန် လုပ်ဆောင်ခဲ့သောစင်ကာပူအစိုးရ၏လုပ်ရပ်များကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။

သောမတ်အန်ဒရူး၏ ကုလသမဂ္ဂထံ တင်သွင်းခဲ့သောအစီရင်ခံစာထဲတွင် စင်ကာပူက မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်သွင်းမှုသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ၈၃ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။ စင်ကာပူအစိုးရသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့ခြင်းများကို ခွင့်မပြုခဲ့ကြောင်းလည်း အန်ဒရူးကပြောသည်။

“‘The Billion Dollar Death Trade’, အစီရင်ခံစာတင်သွင်းခဲ့တယ်။ အဲဒီ အစီရင်ခံစာထဲမှာ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့စစ်လက်နက်ပစ္စည်း ရရှိနေတဲ့ရင်းမြစ်တွေကို ဆွေးနွေးခဲ့တယ်။ အဲဒီအစီအရင်ခံစာထဲမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ၊ အဖွဲ့အစည်း ၂၃၈ ခုဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရာမှာ ပါဝင်ဆက်နွှယ်နေတယ်လို့ ဖော်ပြခဲ့တယ်။ အဲဒီကုမ္ပဏီအဖွဲ့စည်းတွေဟာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ ဖော်ပြခဲ့ဖူးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရာမှာ ပါဝင်ပတ်သက်နေတဲ့ သက်သေတွေ မရှိတော့ပါဘူး။ ဒီလက်နက်ကုန်သွယ်မှုတွေကို သိရှိတဲ့ပုံစံမျိုးလည်း မရှိတော့ဘူး။ စင်ကာပူအစိုးရဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့အစီအရင်ခံစာကို ချက်ချင်းစုံစမ်းအရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံကိုစင်ကာပူအခြေစိုက်အဖွဲ့အစည်း၊ ကုမ္ပဏီတွေရဲ့ စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေဟာ အရင်ထက်နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ၈၃ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့တယ်။ အဲဒီအတွက် ကျေနပ်မိပါတယ်”ဟု အန်ဒရူးက ပြောသည်။

၎င်းက စင်ကာပူနိုင်ငံကိုလည်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုများကို တုံ့ပြန်ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် အကောင်းဆုံး ဥပမာထားအတုယူရမည့် နိုင်ငံဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

REF mothership

Leave a Reply

Your email address will not be published. Required fields are marked *