၁၉. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေက ကြာသပတေးနေ့မှာ တိုက်တွန်းခဲ့ပြီး အရပ်သားတွေရဲ့ သာယာဝပြောရေးအတွက် စိုးရိမ်မိကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေဟာ အရပ်သားတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ မြဝတီမြို့၊ ကရင်ပြည်နယ်တို့အပါအဝင် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့မှာ မကြာသေးမီက ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လေးနက်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းကျင့်သုံးကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့၊ တင်းမာမှုတွေကို ဖြေလျှော့ဖို့နဲ့ အရပ်သားအားလုံးရဲ့ အကာအကွယ်နဲ့ လုံခြုံရေးကို သေချာစေဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို လိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အချိန်နဲ့တစ်ပြေးညီ လုံခြုံစိတ်ချစွာ ပေးအပ်နိုင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းအပါအဝင် အရပ်သားတွေအပေါ် ပဋိပက္ခတွေရဲ့ အကျိုးသက်ရောက်မှုတွေ လျော့ပါးသက်သာစေဖို့ သက်ဆိုင်သူအားလုံးအားလုံးကိုလည်း အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်များကို ဖြေရှင်းရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲတွေပြုလုပ်နိုင်အောင် ကြိုးပမ်းမှုတွေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်ခံပြီး ပြီးပြည့်စုံတဲ့ နိုင်ငံရေးအဖြေတစ်ခုဆီကိုတွန်းပို့နိုင်မဲ့အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဟာ အာဆီယံရဲ့အကျိုးစီးပွားအတွက်ဖြစ်ကြောင်းကိုလည်း ထပ်မံအတည်ပြုခဲ့သလို အဲ့ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ၂၀၂၄ အာဆီယံသဘာပတိနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့ကို ထောက်ခံကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref; Reuters, Khaosod

Leave a Reply

Your email address will not be published. Required fields are marked *

Related News