၁၉. ၄. ၂၀၂၄
Translated by Htwe Ko Tun

အီရန်က အစ္စရေးနိုင်ငံကို မောင်းသူမဲ့လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဧပြီ ၁၃ ရက် ညပိုင်းမှာ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံ၊ အစ္စဖာဟမ်မြို့အနီး လေကြောင်းတိုက် ခိုက်မှုတစ်ရပ်ကို ဧပြီ ၁၉ ရက်၊ ဒေသစံတော်ချိန် နံနက်အစောပိုင်းမှာ အစ္စရေးဘက်က ပြုလုပ်ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

အစ္စရေးစစ်ဖက်အရာရှိနှစ်ဦးက အဆိုပါတိုက်ခိုက်မှုကို အစ္စရေးကပြုလုပ်ခဲ့တာလို့ နယူးယော့ခ်တိုင်းမ် သတင်းစာကိုပြောခဲ့သလို အီရန်အရာရှိတွေကလည်း အစ္စဖာဟမ်မြို့အနီးလေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခံရတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံရဲ့ လက်ချက်ဆိုတာ ထည့်မပြောခဲ့ကြပါဘူး။

အမေရိကန်အစိုးရက အစ္စရေးရဲ့တိုက်ခိုက်မှုမှာ သူ့အနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် သတင်းတွေအရ အစ္စရေးက အီရန်နိုင်ငံကို ၂၄ နာရီမှ ၄၈ နာရီအတွင်းတိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်ကို အသိပေးထားခဲ့တယ်လို့ သိရပါတယ်။

အီရန်အရာရှိတွေက အစ္စရေးရဲ့တိုက်ခိုက်မှုက အောင်မြင်တဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ရပ်မဟုတ်ခဲ့ဘဲ ပေါက်ကွဲမှုတွေက အီရန်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိမှန်မှု ရလဒ်တွေမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်ရုံးက အီရန်နိုင်ငံ၊ အစ္စဖာဟမ်မြို့အနီးပေါက်ကွဲမှုတွေက အစ္စရေးဘက်က တိုက်ခိုက်မှုဆိုတာ အတည်ပြုဖို့ငြင်းဆန်ခဲ့ပါတယ်။ အီရန်သတင်းစာတွေမှာတော့ နိုင်ငံအလယ်ပိုင်း၊ အစ္စဖာဟမ်မြို့အနီးပေါက်ကွဲမှုတွေကြောင့် မြို့မှာလုံးဝထိခိုက်မှုမရှိဘူးလို့ပြောဆိုခဲ့ကြပါတယ်။ဒါ့ပြင် မောင်းသူမဲ့လေယာဉ်တွေ နိုင်ငံရဲ့ လေပိုင်နက်ထဲဝင်ရောက်လာမှုကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ဘက်က ပြောခဲ့ပါတယ်။

Fars သတင်းဌာနကတော့ ပေါက်ကွဲသံသုံးချက်မှာ အစ္စဖာဟမ်မြို့အနီးရှိ ရှီကာရီ လေတပ်အခြေစိုက် စခန်းအနီးမှဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *