၁၈.၄.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှု များစွာရရှိထားတဲ့ အဆိုတော်ကောင်းကောင်းနဲ့ အဆိုတော် ခိုင်နိုးတို့ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ “ကျိန်စာ” Music Video က ချစ်ခရီးလမ်းမှာ နားလည်မှုတွေလွဲပြီး မျဉ်းပြိုင်တွေလိုဖြစ်သွားတဲ့အခါ ဝဋ်ကြွေးဖြစ်ပေါ်လာတာကို ဖော်ညွှန်းရေးဖွဲ့သီဆိုထားတယ်လို့ဆိုပါတယ်။

“ဒီသီချင်းလေးက အချစ်သီချင်းလေးပါ။ ကျိန်စာလို့ ခေါင်းစဥ်ပေးဖြစ်တာကတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတယ်။ သူတို့ဆက်ပြီး လက်တွဲလို့မရတဲ့အခြေအနေ အကြောင်းအရာတွေရှိခဲ့ကြတယ်။ လက်တွဲလို့မရတဲ့ စိတ်ခံစားချက်တွေအပေါ်မှာ လူတစ်ယောက်ရဲ့ ချစ်ခြင်းက မျဥ်းပြိုင်လိုဖြစ်လာတယ်။ ဒီမျဉ်းပြိုင်လိုဖြစ်သွားတဲ့ အချစ်ရဲ့ အခြေအနေတစ်ခုမှာ ဒီသီချင်းရဲ့အကြောင်းအရာပေါ်မှာ ချစ်လမ်းခရီးမှာ နားလည်မှု စာနာမှုတွေ မရှိတော့ဘူး။ ဒီအချစ်က ဝဋ်ကြွေးတစ်ခုဖြစ်သွားတာကိုး။ အချစ်စစ်တစ်ခုမှာတော့ နားလည်မှု စာနာမှုနဲ့ သွားကြတာလေ။ နှစ်ယောက်သား နားလည်မှု တည်ဆောက်မရချိန်မှာ မွန်းကြပ်ပြီး ကျိန်စာလို ဖြစ်လာတာကို အဓိကရေးဖွဲ့ထားတာပါ။ ကျွန်တော်နဲ့ ကောင်းကောင်းက နှစ်ယောက်စုံတွဲပုံစံ သီဆိုထားကြတာပါ” လို့ တေးရေး တေးဆို ခိုင်နိုးက MT Entertainment ကို ပြောပါတယ်။

အဆိုပါ တေးသီချင်းကို တေးရေး ခိုင်နိုးက ကိုယ်တိုင်ရေးဖွဲ့သီကုံးထားတာဖြစ်ပြီး Pop Music အမျိုးအစားလည်းဖြစ်ပါတယ်။ အဆိုပါ တေးသီချင်းကို ဒါရိုက်တာ နှင်းစုက သရုပ်ဆောင် ခွန်သာချို ၊ ခိုင်နိုး ၊ ကောင်းကောင်းတို့နဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

“ကျိန်စာ” Music Video ကို လာမယ့် ဧပြီ ၂၀ ရက် ည ၇ နာရီမှာ Khai No Page , Kaung Kaung Vocalist Page , Khun Thar Cho Page တွေမှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။

တေးရေး တေးဆို ခိုင်နိုးကတော့ “ကုထုံးမဲ့ချစ်ခြင်း” ဇာတ်ဝင်တေးကို သီဆိုထားသူဖြစ်ပြီး တခြားဇာတ်ဝင်တေးတွေလည်း မကြာခင်ထွက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ဒီသီချင်းအပေါ်မှာ အကောင်းဆုံးတည်ဆောက်ထားတဲ့ အရာတွေဖြစ်လို့ ပရိသတ်ဆီက အကောင်းဆုံး Feedback ပြန်လိုချင်တာက လူတိုင်းဖြစ်မယ့် စိတ်လို့တော့ ခံယူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖန်တီးတဲ့ သီချင်းတွေက ပရိသတ်ကြားမှာ လွယ်လွယ်နဲ့နားစွဲသွားမယ့် သံစဥ်မျိုး ဆိုဟန်မဟုတ်တော့ ဒီတစ်ချက်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်ဖြေသိမ့်ထားပါတယ် ”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *