April 30, 2024

၁၈. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံနယ်စပ်က အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုကနေ ပြန်လည်လွတ်မြောက်လာသူ မလေးရှားနိုင်ငံသားတစ်ဦးက ရာဇဝတ်ဂိုဏ်းက သူတို့လိုသားကောင်တွေကို နှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်ခဲ့ကြောင်းနဲ့ သူရဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူနိုင်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (MHO)က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

အွန်လိုင်းကတစ်ဆင့် အလုပ်အလိမ်အညာဂိုဏ်းဟာ သူတို့ရဲ့သားကောင်တွေကို လျှပ်စစ်ရှော့တိုက်ကိရိယာတွေနဲ့ ညှဉ်းပန်းနှိပ်စက်ကာ ရိုက်နှက်တာတွေနဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ မတ်တပ်ရပ်ခိုင်းပြီး မရပ်မနား ပြေးခိုင်းတာမျိုးတွေလည်း ပြုလုပ်စေသလို ပိတ်လှောင်ထားပြီး လစာမပေးဘဲ အလုပ်ခိုင်းစေတာမျိုးတွေလည်းပြုလုပ်နေတယ်လို့ အဆိုပါ မလေးရှားနိုင်ငံသားရဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Ah-Huat လို့သာ အမည်ဖော်ပြခဲ့တဲ့ အမျိုးသားဟာ ဝင်ငွေကောင်းတဲ့ လစာနဲ့ ပြည်ပအလုပ်အကိုင်ကမ်းလှမ်းမှုတစ်ခုကြောင့် အလိမ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့အဆိုအရ ၂၀၂၂ ခုနှစ်က တစ်လကို မလေးရှားရင်းဂစ်ငွေ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြားပေးတဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာအလုပ်အတွက် အလုပ်ကြော်ငြာတစ်ခုတွေ့ခဲ့လို့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ရပြီး အဲ့ဒီနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ ဖြစ်လာခဲ့ကာ လေယာဉ်လက်မှတ်လည်း ပေးခဲ့တယ်လို့ သိရပါတယ်။

သူဟာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်တဲ့အခါမှာတော့ လက်နက်ကိုင် မြန်မာနိုင်ငံသားနှစ်ဦးက ဒေသခံအမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ယာဉ်ပေါ်ကို လိုက်ပါဖို့ အမိန့်ပေးခံခဲ့ရပြီး ပတ်စပို့နဲ့ လက်ကိုင်ဖုန်းတွေ အသိမ်းခံရကာ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ထဲက တစ်နေရာကို ချက်ချင်းခေါ်ဆောင်သွားခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

Ah Huat က သူ့ကို မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ စာရင်းပေးထားပြီး မန်နေဂျာက သတ်မှတ်ထားတဲ့လူအရေအတွက်ကို နေ့စဉ်ဆက်သွယ်ဖို့ လိုအပ်တယ် ဆက်လက်ပြောကြားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ ပျက်ကွက်ရင် ပန်းတိုင်မရောက်မချင်း မရပ်မနား လုပ်ဆောင်ရပြီး သူဟာ တစ်ခါကဆ်ို မနားဘဲ ၇၂ နာရီ အလုပ်လုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ငါတို့ထဲက တစ်ယောက်ယောက်က အလုပ်လုပ်ရင်း အိပ်ပျော်သွားတယ်ဆိုရင် နေပူထဲမှာ ရပ်ပြီး ကျောက်ခဲတွေမကာ မရပ်မနား ပြေးခိုင်းပြီး နှိပ်စက်ခံရတယ်” လို့လည်း သူက ပြောပါတယ်။

အဲ့ဒီနောက် လွတ်မြောက်ချင်ရင် မလေးရှား ရင်းဂစ်ငွေ ၂၄၀,၀၀၀ ပေးဆောင်ရမယ်လို့လည်း ခြိမ်းခြောက်ခံခဲ့ရပေမဲ့ ကံကောင်းစွာနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကမ္ဘောဒီးယားက တစ်နေရာကို ပြောင်းရွှေ့ခြင်းမပြုခင် သူ့ရဲ့မိသားစုကို ဆက်သွယ်နိုင်ခဲ့ပြီး သူ့ရဲ့မိသားစုက မလေးရှားအစိုးရနဲ့ MHO တို့ကို အကူအညီတောင်းခံခဲ့တာဖြစ်ကာ အဲ့ဒီကနေ ကယ်တင်ခံရကာ လွတ်မြောက်နိုင်ခဲ့တာပါ။

ခုလိုအလုပ်အလိမ်အညာ အရှုပ်တော်ပုံတွေရဲ့ သားကောင်မဖြစ်ရအောင် အစိုးရအနေနဲ့ ဒီထက်ပိုပြီး ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သူက မျှော်လင့်နေပြီး MHO ကလည်း ပြီးခဲ့တဲ့အပတ်က ပြည်ပအလုပ်အကိုင် လိမ်လည်မှု အမှုအသစ်နှစ်ခုကို လက်ခံရရှိခဲ့ရာ အလိမ်ခံခဲ့ရသူတွေကို အိမ်ပြန်ပို့ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *