၁၈. ၄. ၂၀၂၄
Written by Thettant

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကုန်သွယ်မှုလျာထားချက် ပြည့်မီအောင် ပိုကုန်တွန်းပိုခဲ့ပေမဲ့ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၉၁ ဘီလျံသာရရှိခဲ့ပြီး ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂ ဘီလျံခွဲနီးပါး လျော့ကျခဲ့ပေမဲ့ လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက်ကိုတော့ ကုန်သွယ်မှုလျာထားချက်ကို ဒေါ်လာ ၃၃ ဘီလျံအထိ တိုးမြှင့်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲသာ မျှော်မှန်းခဲ့ချိန် ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ကျော်လွန်ရရှိခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပို့ကုန်တင်ပိုမှုက ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနဲ့ သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းကုန်သွယ်မှု လျာထားချက် ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိ တိုးမြှင့်သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့လည်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး ပုံမှန်အတိုင်း မဆောင်ရွက်နိုင်ခဲ့လို့ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၁၄ ဒသမ ၆ ဘီလျံကျော်သာရရှိခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၂ ဘီလျံခန့်လျော့ကျခဲ့သလို သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံကျော်သာရရှိခဲ့ပြီး လျာထားချက်ထက် ဒေါ်လာသန်း ၆၀၀ ခန့် လျော့ကျခဲ့ပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ ပို့ကုန်ကို ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံနဲ့ သွင်းကုန်ကို ၁၆ ဒသမ ၃ ဘီလျံတင်သွင်းမယ်လို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာရှိသလို တချို့ကလည်း လမ်းကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်နေတာကြောင့် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအကုန် ရပ်ဆိုင်းနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *