၁၈.၄.၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာ နိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့များနှင့်အေအေ လက်နက်ကိုင်သောင်းကျန်းသူများအကြား တိုက်ပွဲများပြင်းထန်လာနေမှုနှင့်အတူ နယ်ခြားစောင့် ရဲတပ်ဖွဲဝင်များ၊တပ်မတော်သားများ စုစုပေါင်း ၄၇ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဧပြီလ ၁၆ ရက် ညပိုင်းမှစ၍ ဝင်ရောက်တိမ်းရှောင်လာခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက ဧပြီလ ၁၇ ရက်တွင် ပြောခဲ့ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း မြန်မာ့တပ်မတော်သား ၂၆၀ ခန့်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားပြည်သူများပါ ဘန်ဒါဘန်ခရိုင်၊ နိုင်ခွန်ချဟာရီမြို့နှင့် ကော့စ်ဘဇားခရိုင်၊ တက်နက်ဖ်မြို့တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်လာခဲ့ကြသေးသည်ဟုလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ရှရီဖူလ် အစ္စလမ်က “ မနေ့က ညကတော့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦးလောက်ဝင်ရောက်လာခဲ့တယ်။ ဒီနေ့ ဧပြီလ ၁၇ ရက်မှာတော့ နောက်တစ်ယောက်ထပ်ရောက်လာခဲ့တယ်” ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက မြန်မာအစိုးရတပ်ဖွဲ့များနှင့် အေအေလက်နက်ကိုင်များအကြား ရခိုင်ပြည်နယ်အတွင်း ဖေဖော်ဝါရီလ ၂ ရက်မှစ၍ တိုက်ပွဲများဖြစ်နေခဲ့ကြခြင်းဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များအပါအဝင် စုစုပေါင်း ၃၃၀ ဦးခန့်က ဖေဖော်ဝါရီလ ၄ ရက်နှင့် ဖေဖော်ဝါရီလ ၇ ရက်အကြားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်လာခဲ့ကြသည်ဟု ပြောခဲ့ကြသည်။ ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ ရခိုင်ပြည်နယ်နှင့်ကပ်လျက်ရှိသော နယ်စပ်ဒေသများတွင်နေထိုင်သူများက ရခိုင်ပြည်နယ်အတွင်း အစ္စလမ်ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်ကာလအတွင်း ပစ်ခတ်မှုများ အရှိန်လျော့သွားသော်လည်း ဧပြီလ ၁၁ ရက်တွင် ပစ်ခတ်သံများကိုပြန်လည်ကြားလာခဲ့ရကြောင်း ပြောခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးက ရခိုင်ပြည်နယ်အတွင်း ရှိနေကြသော ဘင်္ဂါလီလူမျိုးစုများက နယ်စပ်ကိုဖြတ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခဲ့ကြသည်ဟုသိရကြောင်းနှင့် ၅၄ ကီလိုမီတာရှည်သော နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့က တိုးမြှင့်ကင်းလှည့်မှုများပြုလုပ်နေသည်ဟုလည်း ပြောခဲ့သည်။

Ref–Benar

Leave a Reply

Your email address will not be published. Required fields are marked *