၁၈.၄.၂၀၂၄
Written By Thandar

ဇာတ်လမ်းတွဲတိုင်းမှာ ကာရိုက်တာ နာမည်တစ်ခုစီနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ သရုပ်ဆောင် ရတနာဗိုကတော့ ကာရိုက်တာမျိုးစုံရိုက်လာတဲ့အတွက် တစ်ခါတလေ ပင်ကိုကိုယ့်ကာရိုက်တာပျောက်ပျောက် သွားတာတွေရှိတတ်သလို မူးလာရင် တစ်မျိုး မမူးရင် တစ်မျိုးဖြစ်တတ်တာတွေရှိတယ်လို့ ဖွင့်ဟလာပါတယ်။

“ရင်သွေး ဇာတ်လမ်းတွဲမှာ ဗို့ ကာရိုက်တာက ဇာတ်တစ်ခုလုံးကို ဆွဲခေါ်ရတာမို့ တော်တော်လေးကို တာဝန်ကြီးပါတယ်။ တစ်ခါတလေ ဗို ရိုက်တဲ့ ကားတွေများလာတော့ ကိုယ့်ကာရိုက်တာ ပျောက်ပျောက်သွားတာတွေ ရှိတယ်။ စိတ်ရှုပ်ထွေးတာတွေလည်း ရှိတယ်။ ဗိုက အရမ်းလည်း ငြိမ်တဲ့သူလည်း မဟုတ်ပါဘူး။ အရမ်းရင်းနှီးတဲ့သူတွေနဲ့ဆိုတော့ ဗို ကာရိုက်တာ ပြန်ပေါ်လာတာရှိတယ်။ ဗိုက မူးလာရင် တစ်မျိုး မမူးရင် တစ်မျိုးဖြစ်တတ်တာတွေရှိတယ်။ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ တစ်ခါတလေ ဆုံရင်သောက်ဖြစ်တာလေးတွေလည်း ရှိတာပေါ့။ အများကြီးသောက်တာလည်း မဟုတ်ပါဘူး။ အဲဒီလိုမူးလာချိန်မှာ စကားတွေ အရမ်းပြောပြီးတော့ သွက်လာတယ်ပေါ့။ အရမ်းကြီး ကိုယ့်ကိုလည်း အရက်သမားလို့လည်း ထင်နေပါဦးမယ်။ အဲလိုသောက်တဲ့သူမျိုးလည်း မဟုတ်ပါဘူး”လို့ သရုပ်ဆောင် ရတနာဗိုကပြောပါတယ်။

သူမတော့ လက်ရှိ ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးမယ့် “ဆီးမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် မင်းဘုန်းမြတ် ၊ မင်းဟိဏ်း ၊ မင်းသူ ၊ အောင်လေး ၊ အေးသန္တာဗို ၊ သုန္ဒြေဦး စတဲ့သူတွေပါဝင် သရုပ်ဆောင်မှာလည်းဖြစ်ပါတယ်။ ရတနာဗိုကတော့ Mahar Application က ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ သူချစ်ခင် ၊ သက်ထားစံ ၊ မဏိစစ် ကာရိုက်တာတွေနဲ့ ပရိသတ်အသိအမှတ်ပြုတာတွေ ခံခဲ့ရသူလည်းဖြစ်ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားက ဇာတ်လမ်း ဇာတ်အိမ်က အရမ်းကောင်းတဲ့ ဇာတ်ဖြစတဲ့အတွက် ဗို တစ်ခါမှ မရိုက်ဖူးတဲ့ ကာရိုက်တာ ဖြစ်တဲ့အတွက် လက်ခံရိုက်ဖြစ်တာပါ။ ဗို့ အတွက်လည်း တာဝန်ကြီးတဲ့ ကားပါ။ မနှင်းနေရာက ဗိုက သရုပ် ဆောင်ရမှာပါ။ မနှင်း ငယ်ငယ်ကနေ အသက်ကြီးသွားတဲ့အထိဆိုတော့ ကာရိုက်တာ နှစ်မျိုးပေါ့။ ကိုလိုနီခေတ် ဘက်က ဇာတ်ကိုပြန်ရိုက်တာလည်း ဖြစ်တော့ ကိုယ့်အတွက် Challenge ဖြစ်တာပေါ့” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *