၁၈.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာ အုပ်စု၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့(ဧပြီလ ၁၈ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အုတ်ကားတစ်စီး ဆည်မြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဥ်မောင်းအပါအဝင် အမျိုးသား ၅ ဦး အမျိုးသမီး ၁ ဦး လိုက်ပါလာသော ကန်တာအမျိုးအစား အုတ်ကားမှာ ရန်ကုန်မှ တိုက်ကြီးဘက်သို့မောင်းနှင်လာစဥ် အရှိန်လွန်ကာ ရေတံခါး စားသောက်ဆိုင်၏ ဆန်းရှိတ်အမိုးနှင့် အုတ်တံတားကို ဝင်တိုက်ပြီး ဆည်မြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“ကားက အရှိန်နဲ့ ဆည်မြောင်းထဲကို ထိုးကျသွားတာ။ စားသောက်ဆိုင်မှာ ပန်းရံလုပ်နေတဲ့ကောင်လေးနဲ့ အုတ်ကား ယာဥ်မောင်းရယ် သေဆုံးသွားတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ပန်းရံလုပ်သား ကိုအောင်ပိုင်ဖြိုးဖြစ်ပြီး ဘယ်ဘက်ခေါင်းကွဲ၊ နံရိုးကျိုးဒဏ်ရာများဖြင့် တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ပြီး အုတ်ကားယာဥ်မောင်း အသက် ၂၃ နှစ်အရွယ် ကိုကျော်ဇင်ဖြိုး(ခ)ရဲလေးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။

အုတ်ကားပေါ်လိုက်ပါလာသော အသက် ၁၆ နှစ်အရွယ် ကိုကျော်သက်နောင်တွင် ညာလက်ကျိုးဒဏ်ရာ၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ မျက်နှာပွန်းပဲ့ဒဏ်ရာရရှိပြီး အသက် ၁၈ နှစ်အရွယ် ကိုနေမျိုးအောင်တွင် ကျောကုန်းနှင့်ဘယ်ဘက်နားပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် မတင်မိုးအောင်(၂၃နှစ်)၊ ကိုမျိုးသီဟဇော်(၁၆နှစ်)၊ ကိုပြုံးညီညီ(၂၁နှစ်)တို့တွင်လည်း ဖူးရောင်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများနှင့် ​ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို တိုက်ကြီးမြို့နယ်လူမှုကူညီရေးအသင်းများ၏ လူနာတင်ယာဥ်များဖြင့် တိုက်ကြီး​မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News