၁၈. ၄. ၂၀၂၄
Written by Pan Ei

ပိုလန်နိုင်ငံက အမျိုးသားတစ်ဦးဟာ ခြေဗလာနဲ့ အိုင်ဘေးရီးယား ကျွန်းဆွယ်တစ်ဝိုက်မှာ ၂၁၁၈ ဒသမ ၇၂ မိုင်(၃၄၀၉ ဒသမ ၇၅ ကီလိုမီတာ) လမ်းလျှောက်၊ ပြေးခြင်းနဲ့ ကမ္ဘာ့အရှည်ဆုံး ဖိနပ်မပါဘဲ သွားရောက်တဲ့ခရီးကို ပြီးမြောက်စေခဲ့ကာ ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် Paweł Durakiewicz လို့ အမည်ရတဲ့ အမျိုးသားဟာ စပိန်နယ်စပ်အနီး ပြင်သစ်တောင်ပိုင်းကနေ ခရီးစတင်ခဲ့ပြီး ကျွန်းဆွယ်ရဲ့ ကမ်းရိုးတန်းကို လက်ဝဲရစ် လမ်းကြောင်းအတိုင်းခရီးဆက်ခဲ့ကာ နောက်ဆုံးမှာ စပိန်တောင်ပိုင်းရှိ ဆန်ဟိုဆေးရွာမှာ ခရီးပြီးဆုံးခဲ့ပါတယ်။

သူဟာ တစ်ရက်ကို ၂၀ ကီလိုမီတာကနေ ၅၀ ကီလိုမီတာ (၁၂ – ၃၁ မိုင်) အထိ ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေနဲ့ ပြေးတာတွေ ပြုလုပ်ခဲ့ပြီး ခရီးတစ်ခုလုံးပြီးမြောက်ဖို့ ၆ လကြာ ခရီးနှင်ခဲ့တာလည်း ဖြစ်ပါတယ်။

Paweł ဟာ ဆီစီလီယန်ကျေးလက်ဒေသမှာ နေထိုင်ပြီး ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း ခြေဗလာနဲ့ပဲ လမ်းလျှောက်ခဲ့တာများတယ်လို့ ပြောကြားခဲ့သလို သူဟာ စံချိန်တင်နိုင်ဖို့အတွက် တစ်နေ့ကို ၁၀ ကီလိုမီတာ အပြေးလေ့ကျင့်ခြင်းကိုလည်း ငါးလကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားခြင်းရဲ့ ခရီးစဉ်ပထမလအတွင်း အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်လောက်ရှိနေတဲ့ ကတ္တရာလမ်းပူပူပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ခဲ့ရတဲ့ Paweł ဟာ ခြေထောက်မှာ အပူလောင်ဒဏ်ရာတွေရရှိခဲ့ပြီး ရှားစောင်းလက်ပတ်ဂျယ်နဲ့ ခြေထောက်ကို ကုသခဲ့ရကာ အဲ့ဒီနောက် လမ်းရဲ့မျက်နှာပြင်နဲ့ ထိတွေ့မှုပမာဏကို လျှော့ချဖို့ ပြေးခဲ့တာပဲ ​ဖြစ်ပါတယ်။

Paweł ဟာ ပရဟိတဖောင်ဒေးရှင်းအတွက် ခုလို စိန်ခေါ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရင်စံချိန်ရှင်ဟောင်းကတော့ ၂၀၂၁ ခုနှစ်က မိုင် ၁၈၀၀ ကျော် ခြေဗလာနဲ့ လမ်းလျှောက်ခဲ့တဲ့ နယ်သာလန်နိုင်ငံက Antonius Nootenboom ဆိုသူ အမျိုးသားပဲ ဖြစ်ပါတယ်။

Ref; Guinness World Record

Leave a Reply

Your email address will not be published. Required fields are marked *