၁၈.၄.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကျွဲ ခြံကျေးရွာတွင် တူဖြစ်သူမှ အိပ်ပျော်နေသူများကို ဓားဖြင့်ခုတ်၍ အသက် ၆၆ နှစ်အရွယ် ဦးလေးတော်စပ်သူ အမျိုးသားသေဆုံးပြီး ဒဏ်ရာရသူ အမျိုးသမီး ၂ ဦးအနက် ၁ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ တူဖြစ်သူကိုတင်မောင်ဆွေနှင့် ဦးလေးဖြစ်သူ ဦးသန်းထွေးတို့ ရန်ငြိုးရန်စရှိခဲ့ပြီးနောက် ကိုတင်မောင်ဆွေက ယမန်နေ့ နှစ်ဆန်းတစ်ရက် ည ၉ နာရီအချိန်တွင် ဦးလေးဖြစ်သူနေအိမ်သို့ ဓားတစ်ချောင်းဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်း အိပ်ပျော်နေသူ ၃ ဦးကို ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

“တရားခံက လက်ရှိလွတ်နေတယ်။ အိပ်ပျော်တဲ့အချိန် ဓားနဲ့လာခုတ်တာ။ ဓားခုတ်တဲ့သူနဲ့ အခုသေသွားတဲ့သူနဲ့က တူအရီးတော်စပ်တယ်။ တူတော်စပ်တဲ့သူက ဦးလေးရယ်၊ ဦးလေးရဲ့ ဇနီးနဲ့ ဦးလေးရဲ့ချွေးမကို ဓားနဲ့ခုတ်တာ။ သေတာက ဦးလေး။ ဒဏ်ရာအပြင်းအထန်ရရှိတဲ့သူက အခုန ဓားခုတ်ခံရပြီးသေသွားတဲ့ ဦးလေးရဲ့ ချွေးမ။ ဦးလေးရဲ့ ဇနီးလည်း ဒဏ်ရာအနည်းငယ်ရတယ်။ အသတ်ခံရတဲ့ ဦးလေးရဲ့သားက ထိုင်းမှာအလုပ်လုပ်နေတာ” ဟု ထိုကျေးရွာတွင်နေထိုင်သူတစ်ဦးက ဆိုသည်။

တရားခံကိုတင်မောင်ဆွေ၏ ဓားခုတ်မူကြောင့် ၎င်း၏ ဦးလေးဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးသန်းထွေးမှာ အခင်းနေရာတွင် သေဆုံးပြီး ဦးသန်းထွေး၏ ချွေးမဖြစ်သူ အသက် ၂၉ နှစ်အရွယ် မဝေဝေဦးမှာ ညာဘက်ရင်အုံနှင့် ခန္တာကိုယ်တို့တွင် ဓားဒဏ်ရာများရရှိသောကြောင့် လက်ရှိအချိန်တွင် အသက်အန္တရာယ်စိုးရိမ်ရကာ ဦးသန်းထွေး၏ ဇနီးဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဒေါ်ပြုံးချိုမှာ ဒဏ်ရာအနည်းငယ်သာရရှိကြောင်း၊ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဒဏ်ရာရရှိသူနှင့်သေဆုံးသူများကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo -ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Related News