၁၈. ၄. ၂၀၂၄
Written by Pan Ei

မြန်မာစစ်တပ်နဲ့ သူပုန်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် အခုလရဲ့ ဒုတိယအကျော့ စစ်ရေးလေ့ကျင့်မှုအဖြစ် တရုတ်နိုင်ငံဟာ မြန်မာနဲ့ နယ်စပ်အနီး လေကြောင်းရန်ကာကွယ်ရေးနဲ့ တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်မှုတွေကို ဗုဒ္ဓဟူးနေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွေက မနေ့က ရေးသားခဲ့ပါတယ်။

ထိုင်းနယ်စပ်အနီးက အချက်အချာကျတဲ့ ကုန်သွယ်ရေးစခန်းမြဝတီမြို့ကို သူပုန်တပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ပဋိပက္ခတွေ သိသိသာသာ တိုးလာခဲ့သလို ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ အများအပြား ဝင်ရောက်လာခဲ့ပြီးနောက် အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ တရုတ်က စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းကွပ်ကဲမှုအဖွဲ့ကတော့ အခုသီတင်းပတ်အတွင်း ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အိမ်နီးချင်းနိုင်ငံအတွင်းက တိုက်ပွဲတွေကို ရည်ညွှန်းခြင်းမရှိဘဲ နှစ်စဉ်လေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ တပ်ဖွဲ့တွေဟာ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဖို့ အမြဲတမ်း အသင့်ရှိနေပြီး “နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့ကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်မယ်” လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အခုလအစောပိုင်းက မြန်မာနယ်စပ်အနီးမှာ တရုတ်ရဲ့ကုန်းကြောင်းနဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိနေတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံက ဖြတ်ကျော်လာတဲ့ လက်နက်ကြီးကျည်ဆန်တွေကြောင့် အနောက်တောင်ဘက် ယူနန်ပြည်နယ်မှာ လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက တောင်းဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုပြုလုပ်ချိန်မှာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေက သေဆုံးဒဏ်ရာရမှုတွေနဲ့ လုံခြုံရေးအခြေအနေတွေကို ရှုပ်ထွေးစေခဲ့ကြောင်း၊ နယ်စပ်ဒေသတွေက လူ့အသက်တွေနဲ့ ဥစ္စာပစ္စည်းတွေကို ကာကွယ်ဖို့ တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *