၁၈.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချောင်ဘူရီပြည်နယ်၊ ဘန်လာမွန်ခရိုင်တွင် ဧပြီလ ၁၇ ရက် ည ၁၁ နာရီ ၃၄ မိနစ်ခန့်က ရေခဲထုတ်လုပ်သည့်စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၂၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၁၈ ရက်နံနက်တွင် ပြောကြားခဲ့ကြသည်။

ပေါက်ကွဲမှုကြောင့် လေထဲသို့လွင့်တက်လာသော အမိုးနီးယားဓာတ်ငွေ့များက ဘေးပတ်ဝန်းကျင် တစ်ကီလိုမီတာကျော်အထိ ပျံ့နှံ့သွားခဲ့သည်။ အမိုးနီးယားဓာတ်ငွေ့က လူ၏စိတ်ကို မအီမသာဖြစ်ကာ စိတ်တိုစေတတ်ပြီး အအေးခံဓာတ်ငွေ့တစ်ခုအဖြစ် အသုံးပြုကြသည်။

မျက်မြင်တွေ့ရှိသူများက အလွန်ကျယ်လောင်လှသောပေါက်ကွဲသံကို ညသန်းခေါင်မတိုင်မီအချိန်ခန့်တွင် ကြားလိုက်ရပြီးနောက် စက်ရုံမှထူထပ်လှသော အငွေ့များလွင့်ပျံထွက်လာသည်ကို တွေ့ခဲ့ကြရသည်ဟု ဆိုကြသည်။

စက်ရုံနှင့်အနီးပတ်ဝန်းကျင်နှစ်ကီလိုမီတာအတွင်း မည်သူကိုမျှဝင်ထွက်ခွင့်မပြုသေးဘဲ ပေါက်ကွဲမှုတွင်ဒဏ်ရာရသူများနှင့် ဓာတ်ငွေ့ရှုရှိုက်မိသူများအား ဆေးရုံများသို့ ချက်ချင်းပို့ ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ အမိုနီးယားဓာတ်ငွေ့ ရှုရှိုက်မိသူအချို့ဆိုလျှင် သတိလစ်သည်အထိ ဖြစ်ခဲ့ကြသည်။

ဧပြီလ ၁၈ ရက် နံနက် ၄ နာရီခန့်တွင်မူ အခြေအနေကိုထိန်းသိမ်းနိုင်ခဲ့ပြီး ဒဏ်ရာရသူစုစုပေါင်း ၁၂၈ ဦးရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *