April 30, 2024

၁၇. ၄. ၂၀၂၄
Written by Naing Thuta

မဟာသင်္ကြန်ကာလ ပြီးဆုံးသွား၍ နှစ်သစ်ကိုစတင်သည့် မင်္ဂလာရက်မြတ် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားလာရောက်ဖူးမြော်သူများ အလွန်များပြားလျှက်ရှိကြောင်း တွေ့ရှိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသော နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါတော်နေ့(ဧပြီလ ၁၇ ရက်နေ့)တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ရန်ကင်းတောင်ဘုရား၊ အောင်တော်မူ မြတ်စွာဘုရား၊ ရွှေကျီးမြင် မြတ်စွာဘုရားစသည့် ဘုရားစေတီပုထိုးများ၌ ဗုဒ္ဓဘာသာသူတော်စင်များမှ ဘုရားလာရောက်ဖူးမြော်ကြည်ညိုကြသည့် မြင်ကွင်းများပင်ဖြစ်သည်။

ဘုရားလာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာသူတော်စင်အပေါင်းတို့သည် တရားဘာဝနာပွားများခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ရေသပ္ပာယ်ခြင်း၊ ဆွမ်းခဲဖွယ်များဆက်ကပ်လှူဒါန်းခြင်း၊ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ငါးနှင့် ငှက်စာများကျွေးခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များရွတ်ဖတ်ကြခြင်း၊ ငါးနှင့်ငှက်များအား ဘေးမဲ့လွှတ်ပေးခြင်းစသည့် ကောင်းမှုကုသိုလ်များပြုလုပ်ပွားများကြသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မြို့နေပြည်သူများသည် ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ မနော်ရမ္မံကစားကွင်း၊ မြို့တော်ဥယျာဉ်၊ မန်းချောင်းသာစသည့် အများပြည်သူအပန်းဖြေသော နေရာများတွင်လည်း အေးချမ်းပျော်ရွှင်စွာ သွားလာနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *