April 30, 2024

◾ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်

MT News
၁၇. ၄. ၂၀၂၄

လူသတ်၊ မုဒိမ်း၊ လက်နက်၊ အဂတိမှုများအပါအဝင် အမှုကြီးများမှလွဲ၍ အခြားသောအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားအားလုံးကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု SAC အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာ နိုင်ငံသား ၁၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု သိရသည်။

ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် SAC ဥက္ကဋ္ဌအနေဖြင့် အကျဥ်းသားအများစု ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကိုလွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သလို အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံသား ၂၈ ဦးအပါအဝင် နိုင်ငံခြားသား ၃၆ ဦးနှင့် နိုင်ငံသားအကျဥ်းသား၊ အကျဥ်းသူ ၃၃၀၃ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *