၁၂. ၄. ၂၀၂၄
Written by Thettant

ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်မဲ့အထိ ရေပန်းစားတဲ့ လီဗာပူးဟာ ဒီမနက်ခင်း အတ္တလန်တာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ သုံးဂိုးပြတ်အရှုံးနဲ့ အရှက်တကွဲရှုံးသွားခဲ့ပါတယ်။

ဟုတ်ပါတယ်။ စီးရီးအေက သာမန်ကလပ်အသင်းတစ်ခုထက်နည်းနည်းပဲပိုတဲ့ အတ္တလန်တာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ကလော့ပ်ရဲ့နောက်ဆုံးနှစ်အတွက် ဖလားလေးလုံးယူပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အထင်ကြီးခံနေရတဲ့ လီဗာပူးက တကယ်ကြီးကို အိမ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးပြီး ဆီမီးဖိုင်နယ်တက်ဖို့မျှော်လင့်ချက် နည်းပါးသွားခဲ့ရတာပါ။

ကလော့ပ်က ဒီနေ့ပွဲမှာ ၄-၃-၃ နဲ့ ပွဲထွက်လာပြီး ဂိုးမက်ဇ်၊ ကိုနာတေး၊ ဗန်ဒိုက်၊ ဆီမီးကပ်တို့ အထိုင်ကို ကွင်းလယ်က မက်အယ်လစ္စတာ၊ အန်ဒို၊ ကာတစ်ဂျုန်းတို့နဲ့ပွဲထွက်ပြီး ရှေ့တန်းက အဲလိယော့၊ နူနက်စ်၊ ဂတ်ပိုတို့နဲ့ ပွဲထွက်ခဲ့တာပါ။ ဒီလူစာရင်းဟာ အကောင်းဆုံးမဟုတ်ဘူးဆိုရင်တောင်မှ အတ္တလန်တာကို နေရာစုံ အသာစီးယူနိုင်တဲ့ကစားသမားတွေဖြစ်ပြီး တကယ်လည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ အန်းဖီးမှာ အမှန်အကန်ဆော့ခဲ့တာပါ။ ဒါပေမဲ့ဂိုးရသွားတာက အတ္တလန်တာဖြစ်နေပြီး ပွဲကစားချိန် ၃၈ မိနစ်မှာ ဇက်ပါကော်စတာရဲ့ ဖြတ်တင်ဘောကို အတ္တလန်တာရဲ့ ၂၅ နှစ်သား အီတလီတိုက်စစ်မှူး စကမ်မာကာက လူကပ်မခံရတာကနေ ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ကလောပ်က ဒုတိယပိုင်းစတာနဲ့ ဆီမီးကပ်၊ အယ်လစ္စတာ၊ ကာတစ်ဂျုံးတို့ထုတ်၊ ရောဘတ်ဆန်၊ ဆာလား၊ ဆိုဘိုဆလိုင်းတို့နဲ့ အပိုင်ကျုံးဖို့လုပ်တာပါ။ ပွဲကစားချိန် မိနစ် ၆၀ မှာ နူနက်စ်ကိုထုတ် ဒီယက်နဲ့ အမှန်လုပ်ဖို့ တိုက်စစ်ထပ်မြှင့်တာပါ။ ဒါပေမဲ့ ဂိုးရသွားတာကလည်း အတ္တလန်တာဖြစ်နေပြီး ဒီယက်ဝင်ဝင်ချင်း မိနစ် ၆၀ မှာပဲ ဂိုးထပ်ပေးရတာဖြစ်သလို သွင်းသွားတာကလည်း စကမ်မာကာပါပဲ။ ဒီဂိုးမှာဆို ကိုနာတေးနဲ့ဗန်ဒိုက်ကြားထဲက စကမ်မာကာဟာ လူကျွံဖမ်းထားတာကို ကျော်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းကန်သွားတာဖြစ်လို့ ဗဟိုနောက်ခံလူနှစ်ယောက်ရဲ့အရည်အသွေးက မေးခွန်းထုတ်စရာပါ။

အဲဒီနောက်မှာ ကလော့ပ်က တိုင်ပတ်သွားပြီး သူ့ကယ်နေကြ ဂျိုတာကို အန်ဒိုနေရာ ပွဲကစားချိန် ၇၆ မိနစ်မှာ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် ၈၃ မိနစ်မှာပဲ ခရိုအေးရှားကစားသမား ပါဆယ်လစ်က တတိယဂိုးထပ်သွင်းသွားပြန်ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးက တစ်ဦးချင်းအမှားများနေခဲ့သလို အဲလိယော၊ နူနက်စ်၊ ဆာလား၊ ဂိုမက်ဇ်တို့ကလည်း ဖြုန်းတီးမှုအရမ်းများခဲ့တာပါ။ ဒါကြောင့် ကလော့ပ်ကတော့ “ဒီပွဲအတွက် အကောင်းမြင်စရာ ဘာမှမရှိဘူး။ အရမ်းဆိုးရွားတဲ့ပွဲပါ”လို့ ညည်းတွားသွားခဲ့ပါတယ်။ သေချာတာကတော့ လီဗာပူးရဲ့ ဖလားလေးလုံးအိပ်မက်ဟာ FA ဖလားကနေ မန်ယူက ကန်ထုတ်လိုက်လို့ ဖလားသုံးလုံးပဲကျန်တော့ချိန် မန်ယူကပဲ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာဆင်းရအောင် ထပ်ကန်ထုတ်ထားလို့ တိုင်ပတ်နေချိန်ပဲ အတ္တလန်တာက ယူရိုပါလိဂ်အိပ်မက်ကိုပါ နင်းချေတာပါ။

အဝေးကွင်းမှာတောင် လီဗာပူးရဲ့ ကမ္ဘာ့အဆင့်တိုက်စစ်ကို ဂိုးမပေးရအောင် ကြံ့ကြံ့ခံနိုင်တဲ့ အတ္တလန်တာခံစစ်ကို သူ့အိမ်ကွင်းသွားပြီး လေးဂိုး၊ ငါးဂိုးသွင်းဖို့ဆိုတာက ဘယ်လိုမှမလွယ်တော့တာမို့လို့…..ရပြီးသား EFL Cup လေးနဲ့ပဲ ကလော့ပ်ကို ချွေးသိပ်တော့မလားဆိုတာကတော့…။

Leave a Reply

Your email address will not be published. Required fields are marked *