၁၁.၄.၂၀၂၄
Translated by Htwe Ko Tun

ဗီယက်နမ်နိုင်ငံရဲ့လက်ဖျားခါလောက်တဲ့ ရုံးတင်စစ်ဆေးမှုဖြစ်ခဲ့ရပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဘဏ်လိမ်လည်မှုလည်းဖြစ်ခဲ့တဲ့အမှုကိုမှ ကျူးလွန်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ဗီယက်နမ် အမျိုးသမီး ထရုန်မိုင်လန်း(Truong My Lan) ကို ဟိုချီမင်းမြို့ရှိ တရားရုံးတစ်ရုံးက ဒီနေ့ ဧပြီလ ၁၁ ရက်မှာ သေဒဏ်အပြစ်ပေးခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ထရုန်မိုင်လန်းက Van Thinh Phat အမည်ရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌ လုပ်ငန်းရှင်သူဌေးမကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူမက ၂၀၂၂ ခုနှစ် ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းနီးပါးအထိရှိတဲ့ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ကို နိုင်ငံရဲ့အကြီးမားဆုံးသော ဘဏ်ကြီးတစ်ခုကနေ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း လိမ်လည်ရယူခဲ့မှုနဲ့ တရားစွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကာလမှာ ထရုန်မိုင်လန်းက ဟိုချီမင်းမြို့ရှိ အစုရှယ်စီးပွားရေးဘဏ်ဖြစ်တဲ့ Saigon Joint Stock Commercial Bank ကို တရားဥပဒေနဲ့မည်ီထိန်းချုပ်ဖို့ပြုလုပ်ခဲ့ကာ အယောင်ဆောင်ကုမ္ပဏီထောင်ပေါင်းများစွာကနေ ဘဏ်ရဲ့ ရန်ပုံငွေတွေကို တဖြည်းဖြည်းရယူခဲ့ပြီး အစိုးရအရာရှိတွေကိုလည်း လာဘ်ပေးမှုတွေပြုလုပ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်လာတာနဲ့အမျှ ထရုန်မိုင်လန်း အဖမ်းခံခဲ့ရတာပါ။သူမရဲ့ Van Thinh Phat ကုမ္ပဏီကြီးကလည်း ဗီယက်နမ်ရဲ့ အချမ်းသာဆုံးသော အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးဖြစ်ပြီး အဆောက်အအုံများ၊ ရုံးများ၊ ကုန်တိုက်ကြီးများနဲ့ဟိုတယ်များ စသည်ဖြင့် စီမံကိန်းပေါင်းလည်း များစွာရှိတာပါ။

ဒါပေမယ့် ထရုန်မိုင်လန်းကို စတင်ဖမ်းဆီးခဲ့ခြင်းက နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကိုလည်း များစွာသက်ရောက်မှုရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အိမ်ခြံမြေလုပ်ငန်း ခန့်မှန်း ၁,၃၀၀ ခန့်က ဗီယက်နမ်နိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်ကနေ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

ထရုန်မိုင်လန်းအပေါ် ခုလို သေဒဏ်ချမှတ်ခဲ့တာက ယနေ့ကာလမှာ မြင့်တက်လာနေတဲ့ အွန်လိုင်းလိမ်လည်မှု ပြဿနာရဲ့ ဂယက်ရိုက်ခတ်မှုတစ်ရပ်လို့လည်း သုံးသပ်ကြပါတယ်။ ထရုန်မိုင်လန်းက Saigon Joint Stock Commercial Bank က ချေးငွေအဖြစ် ဒေါ်လာ ၄၄ ဘီလျံထုတ်ယူခဲ့ပြီး ဒေါ်လာ ၂၇ ဘီလျံ ပြန်သွင်းဖို့ကျန်သေးတယ်လို့လည်းတရားရုံးက ဆိုပါတယ်။ အမှုစစ်ဆေးရာမှာလည်း သက်သေ အဖြစ်လူ ၂,၇၀၀ ကိုဆင့်ခေါ်ခဲ့ပါတယ်။

ထရုန်မိုင်လန်းနဲ့အတူ အခြား ၈၅ ဦးကလည်း အပေါင်းပါဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူတိုကတော့ စွဲချက်တွေက်ုငြင်းဆိုထားပြီး အယူခံဝင်ကြမှာဖြစ်ပါတယ်။ သူမကတော့ ဗီယက်နမ်မှာ သေဒဏ်အပြစ်ပေးခံရတဲ့ အနည်းငယ်သောအမျိုးသမီးတွေထဲမှာ တစ်ဦးအဖြစ်ပါဝင်ခဲ့ရတယ်လို့ဆို ရမှာပါ။

Ref-BBC, India Today

Leave a Reply

Your email address will not be published. Required fields are marked *