၁၀.၄.၂၀၂၄
Written By Thaw

ဝေဖန်မှုတွေရှိနေပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ နှစ် ၂၀ ပြည့် Sai Sai Birthday Show ကိုတော့ ယနေ့ ဧပြီ ၁၀ ရက် ည ၇ နာရီက ရန်ကုန်မြို့ Inya Lake Garden မှာ ပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေက တစ်ခဲနက်စောင့်မျှော်နေကြပါတယ်။

သူ့ရဲ့ မွေးနေ့အမှတ်တရ Sai Sai Birthday Show ကို လာရောက်အားပေးကြတဲ့ Sai Sai Big Fan တွေအပြင် အခြား ချစ်ပရိသတ်တွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။

“ကျွန်မကတော့ Sai Sai Birthday Show မျှော်စင်ကျွန်းမှာ လုပ်ကတည်းက အားပေးခဲ့တာပါ။ ကိုစိုင်း အနေနဲ့ ဘယ်လို သီချင်းတွေဆိုဆို ကြိုက်တယ်။ ဘယ်လိုဝေဖန်မှုတွေ ရှိရှိ ကိုစိုင်းကို အားပေးတယ်။ လက်မှတ်ဈေးနှုန်းကလည်း ကိုစိုင်းပြောသလိုပဲ ဒီခေတ်မှာ ဒီလိုနေရာမျိုးမှာ လုပ်တာမို့ ဈေးများတယ်လို့လည်း မထင်ပါဘူး။ ကိုယ့်သူငယ်ချင်းတွေမပါပေမယ့် ကိုစိုင်း Fan အချင်းချင်းမို့ သူငယ်ချင်းဖြစ်သွားကြတာပါပဲ။ အိမ်ပြန်ဖို့အတွက် Grab စီစဉ်ပေးထားတယ်လေ။ ဒါပေမယ့် အမ အိမ်က လှိုင်မှာပဲဆိုတော့ အိမ်နဲ့နီးလို့ စက်ဘီးလေးနဲ့ပဲ ပြန်ဖို့ စက်ဘီးယူလာတာပါ “လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Fan တစ်ဦးက MT Entertainment ကို ပြောပါတယ်။

၄ နှစ်တာ ရပ်ဆိုင်းထားတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကိုတော့ ယခုနှစ်မှာ ပြန်လည်ကျင်းပတာဖြစ်တဲ့အတွက် ပရိသတ်တွေက ရင်ခုန်စွာစောင့်မျှော်နေလျှက်ရှိပါတယ်။

အဆိုပါ Sai Sai Birthday Show ပွဲကို ကြည့်ရှုဖို့အတွက် ပရိသတ်တွေကတော့ ယနေ့ ညနေ ၃ နာရီကစတင် ရောက်ရှိလာကြတာလည်းဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ လက်မှတ်တစ်စောင်ကို ကျပ်တစ်သိန်း ၊ VIP လက်မှတ်တစ်စောင်ကို ကျပ် ၁၂ သိန်းနဲ့ VVIP လက်မှတ်တစ်စောင်ကို ကျပ် ၁၅ သိန်းကနေ သိန်း၂၀ ကြားရှိတယ်လို့ သိရပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်က Birthday Show ကို ကျင်းပခဲ့တာဖြစ်ပြီးတော့ ယခု ၂၀၂၄ ခုနှစ်မှာ ပြန်လည် ကျင်းပတဲ့ Birthday Show ပွဲလည်းဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Sai Sai Birthday Show ပွဲကို ၂၀၀၄ ခုနှစ်ထဲက စတင်ကျင်းပခဲ့တာဖြစ်ပြီး Show ပွဲကျင်းပခဲ့တဲ့ ပွဲတိုင်း Album တစ်ခုအနေနဲ့ ထွက်ရှိခဲ့တာလည်းရှိခဲ့ရာ သီချင်းခွေတိုင်းကို ပရိသတ်တွေက နှစ်ခြိုက်အားပေးခဲ့ကြတာလည်း တွေ့ခဲ့ရပါတယ်။

ပုံစာ။ Birthday Show လာရောက်သူများကို ပွဲမစတင်မီ တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *