April 30, 2024

၈.၄. ၂၀၂၄
ဖြိုးဝေ / MT News

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက အာဆီယံနိုင်ငံတွေထဲ အနည်းဆုံးဖြစ်နေတယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာပဲ PO ခွဲတမ်းအခက်အခဲကြောင့် စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်တာတွေ ဖြစ်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာ့ကားထုတ်လုပ်မှုက အာဆီယံမှာအနည်းဆုံးဖြစ်နေတယ်ဆိုတာ၊ အယ်နီညို ဖြစ်စဥ်ကြောင့် မုတ်သုန်အဝင်နောက်ကျနိုင်လို့ မြန်မာပြည် အလယ်ပိုင်းနဲ့ အောက်ပိုင်းက စိုက်ပျိုးရေးတောင်သူတွေ မြေဆီမြေလွှာ စိုထိုင်းဆ ခမ်းခြောက်မယ့်ပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်ဆိုတဲ့အခြေအနေတွေ၊ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်အရေးယူနေတာ ၂၈ ခုရှိလာတယ်ဆိုတာ၊ မြန်မာနိုင်ငံက တိုက်ပွဲအခြေအနေတွေကြောင့် မလေးရှားအခြေစိုက် Axiata Group Bhd ကုမ္ပဏီက မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဆက်သွယ်ရေးတာဝါလုပ်ငန်းကို လျှော့စျေးနဲ့ ပြန်လည်ရောင်းချသွားမယ်ဆိုတာနဲ့၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကုန်သွယ်မှုလျာထားချက် ပြည့်မီအောင် ပို့ကုန်တွန်းပို့ခဲ့ပေမဲ့ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၉၁ ဘီလျံသာရရှိခဲ့ပြီး ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂ ဘီလျံခွဲနီးပါး လျော့ကျခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ရွှေဆိုင်တွေကို အရေးယူပေမဲ့ ရွှေစျေးပြန်မကျတဲ့သတင်း၊ လေယာဉ်ဆီမတင်ပို့ဖို့ တောင်းဆိုခံရတဲ့ အခြေအနေတွေနဲ့ မြ၀တီကုန်သွယ်ရေးအပြောင်းအလဲဟာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ရွှေဆိုင်တွေ အရေးယူပေမဲ့ ပြန်မကျတဲ့ ရွှေစျေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ “ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ” က ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက ရွှေဆိုင်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိတာ အပါအဝင် ‌‌ရွှေရောင်းဝယ်သူတွေ လိုက်နာရမယ့် “အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာဖို့ ပျက်ကွက်တဲ့ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်၊ ရွေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်း စုစုပေါင်း‌ရွှေဆိုင် ၇ ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့လို့ အဲဒီရွှေဆိုင် ၇ ဆိုင်ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်ကစ အရေးယူခဲ့တာပါ။

ဒီလိုမျိုး အရေးယူကြပ်မတ်မှုတွေ ဆက်လုပ်နေပေမဲ့လည်း ပြည်တွင်းရွှေစျေးကတော့ ကျဆင်းမှုမရှိဘဲ ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် မြင့်တက်နေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြည်တွင်းရွှေစျေးနဲ့ပတ်သက်လို့ ပြောရမယ်ဆို ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းစျေးနဲ့ သူ့ထုတ်ပြန်ချက်ကို ပြန်ပြောရမှာပါ။ ရွှေလုပ်ငန်းရှင်အသင်းက ရွှေဆိုင်တွေကို မတ်လ ၁၆ ရက်မှာ သူ့ရည်ညွှန်းစျေးအောက် အရောင်းအဝယ်မလုပ်နိုင်ရင် ရပ်ထားဖို့ စျေးမကစားဖို့ပြောထားတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်ထုတ်တဲ့ အဲဒီနေ့ကတည်းက ရွှေစျေးအားလုံး အပြင်စျေးက ရွှေအသင်း ရည်ညွှန်းစျေးအထက်မှာပဲ အရောင်းအဝယ်ဖြစ်နေတာပါ။ ဥပမာပြောရမယ်ဆို ဗဟိုဘဏ်အရေးယူတဲ့ ဧပြီ ၂ ရက်ကနေ ဧပြီ ၈ ရက်အတွင်းမှာ ရွှေအသင်းရည်ညွှန်းစျေးအနိမ့်ဆုံးက ကျပ် ၃၈၆၉၁၀၀ နဲ့ အမြင့်ဆုံးက ကျပ် ၄၀၀၃၇၀၀ ကြားပဲ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီရက်တွေမှာ ပြင်ပစျေးက အနိမ့်ဆုံး ကျပ် ၄၄ သိန်းခွဲပတ်လည်နဲ့ အမြင့်ဆုံးက ဒီနေ့ ဧပြီ ၈ ရက်မှာ ကျပ် ၄၅၈၀၀၀၀ ဝန်းကျင်ကြားမှာ အရောင်းအဝယ်လုပ်နေကြလို့ ဖြစ်သင့်တယ်လို့ သတ်မှတ်ထားတဲ့ ရွှေအသင်းရည်ညွှန်းစျေးထက် ကျပ် ၆ သိန်းနီးပါး ပိုစျေးကစားပြီး အရောင်းအဝယ်လုပ်နေတာကို တွေ့ရမှာပါ။ ဒီနေရာမှာ ရွှေအသင်းက သာမန်ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်လို့ သူ့သတ်မှတ်နှုန်းထက် ပိုရောင်းတာကို အရေးမယူနိုင်ပေမဲ့ တာဝန်ရှိအဖွဲ့အစည်းတွေကတော့ ရွှေအသင်းသတ်မှတ်စျေးထက် ပြင်ပဆိုင်တွေ ပိုရောင်းနေတာက ဘာကြောင့်လဲ၊ ဘာလို့ ဒီလိုဆွဲတင်ရောင်းချနေလဲ၊ ဘယ်လိုကြပ်မတ်ရမလဲဆိုတာကို အဖြေရှာရမှာပါ။

မတင်ပို့ဖို့တောင်းဆိုခံရတဲ့ လေယာဉ်ဆီ

ရန်ကုန် – ဘန်ကောက် လေယာဉ်လက်မှတ်ခဟာ တစ်ကြောင်းစာအတွက် ၂ သိန်းကျော်နဲ့ အသွားအပြန် ၄ သိန်းခွဲဝန်းကျင်ပဲရှိနေပေမဲ့လည်း ရန်ကုန်နဲ့ မြစ်ကြီးနားလေယာဉ်လက်မှတ်ခကတော့ အသွားအပြန်က ၁၀ သိန်းကျော် ၁၁ သိန်းနီးပါးရှိနေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေယာဉ်ဆီပိတ်ခိုင်းတာရဲ့ အကျိုးဆက်ပါပဲ။ ရန်ကုန် – မြစ်ကြီးနားဟာ ၅၉၂ မိုင်ပဲရှိပြီး ရန်ကုန် – ဘန်ကောက်ကတော့ ၅၇၂ မိုင်ပါ။ မိုင် ၂၀ လောက်ပဲ ကွာခြားတဲ့ ခရီးစဉ်နှစ်ခုဟာ ဘာကြောင့် ဒီလိုမျိုး စျေးနှစ်ဆ ကွာဟနေလည်းဆိုရင် ငြိမ်းချမ်းမှုမရှိခြင်းနဲ့ လေယာဉ်ဆီ ပိတ်ဆို့ခိုင်းခြင်းရဲ့ အကျိုးဆက်ပါ။

အခုဆိုရင် နိုင်ငံ ၄၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆီ လေယာဉ်ဆီမတင်ပို့ဖို့ တောင်းဆိုနေပြီဖြစ်ပါတယ်။ လေယာဉ်ဆီမတင်ပို့ဖို့ တောင်းဆိုမှုတွေ၊ အမှန်တကယ်ပိတ်ဆို့မှုတွေဖြစ်လာရင် ရတဲ့နည်းနဲ့ လေယာဉ်ဆီဝယ်ရမှာဖြစ်ပြီး အကန့်အသတ်တွေကြားက ဝယ်ရမယ်ဆိုရင် အခုထက် စျေးနှစ်ဆ ပိုလာမဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။ ဒီနေရာမှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ပိတ်ဆို့ခိုင်းတယ်ဆိုပေမဲ့လည်း အခုတောင် လေယာဉ်ဆီအကျပ်အတည်းကြောင့် ပြည်သူတွေပဲအထိနာနေတာ ပိတ်ဆို့ခိုင်းလိုက်လို့ ဖြစ်တဲ့နည်းနဲ့ ဝယ်ရရင်လည်း ပြည်သူပဲ ခရီးသွားကုန်ကျစရိတ် ထပ်ပြီး အထိနာမယ်ဆိုတာ မြင်ရပါလိမ့်မယ်။ သေချာတာကတော့ မငြိမ်းချမ်းခြင်းနဲ့ ပိတ်ဆို့ခိုင်းခြင်းရဲ့ ဆိုးကျိုးမှန်သမျှက ပြည်သူပဲ ထိခိုက်တယ်ဆိုတာပါပဲ။

မြဝတီကုန်သွယ်ရေးအဆုံးအဖြတ်

MNDAA ဟာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကို ရသွားပြီး ဒီကုန်သွယ်ရေးစခန်းက ရလာတဲ့ အကျိုးအမြတ်ကို ဗဟိုအစိုးရက ၃၀ ပဲရပြီး ၇၀ ရာခိုင်နှုန်းက MNDAA ကရမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ အကျိုးအမြတ်တစ်ခုကို မြင်လာရချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNU က ထိုင်းနယ်စပ်က မြ၀တီကုန်သွယ်ရေးစခန်း၊ KIA က လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၊ AA က မောင်တောနယ်စပ်ပေါက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ချင်းနယ်စပ်ဂိတ်တွေကလည်း ချင်း PDF တွေ ထိန်းချုပ်ထားတယ်လို့ ပြောရမလိုအခြေအနေဖြစ်ပြီး မကြာခင်မှာလည်း တနင်္သာရီနယ်စပ်ဂိတ်တွေ ထိန်းချုပ်ခံရမဲ့ အလားအလာ မြင်နေရပြီဖြစ်ပါတယ်။ မြ၀တီကုန်သွယ်ရေးလမ်းကြောင်းဟာ ပိတ်သွားတာကြာပြီဖြစ်ပြီး အခုဝင်နေတာက တောလမ်းကနေ ကုန်သွယ်ရေးစရိတ် ၂ ဆလောက်အကုန်ခံ တင်သွင်းနေတာတွေပါ။ ဒါကြောင့် ပြည်တွင်းကုန်စျေးနှုန်းတွေက မဝယ်ရဲလောက်အောင် မြင့်တက်လာနေတာပါ။

ဒါဟာ ဗဟိုအစိုးရကို နယ်မြေတွေကျုံ့၊ ဝင်ငွေတွေရပ်အောင် စစ်ရေးဗျုဟာအရ လုပ်တာဖြစ်ပေမဲ့လည်း အခုတောင်မှ လမ်းတစ်လျှောက် NUG ရဲ့ ဝါးတားဂိတ်တွေ၊ PDF နဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ဆက်ကြေး သိန်းဆယ်ရာချီပေးနေရတာတွေ၊ ဆီစျေးမြင့်တက်တာတွေကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်း ကုန်စျေးနှုန်းက မိုးပျံနေတဲ့ အခြေအနေတွေကြားမှာ လက်နက်ကိုင်တွေကသာ နယ်စပ်ဂိတ်အားလုံးထိန်းချုပ်ထားရင် ပြည်တွင်း ကုန်စျေးနှုန်းကြီးမြင့်မှုက ပိုဆိုးပါလိမ့်မယ်။ ပြည်တွင်းစစ်သုံးနှစ်မှာ အစိုးရနဲ့ တပ်မတော်ကို အင်အားချိနဲ့ ပြိုလဲလာအောင် လုပ်နေတာဖြစ်ပေမဲ့ အခြားတစ်ဖက်မှာတော့ ဆိုးဆိုးရွားရွားပြိုလဲနေတာက ဘက်စုံကျပ်တည်းနေတဲ့ ပြည်သူတွေ ဖြစ်နေတာပါ။ ဒါတွေကလည်း အလုံးစုံပျက်သုဉ်းရေးလုပ်မယ်လို့ ကြွေးကြော်ထားတဲ့ NUG ၊ PDF ၊ EAOs တွေကို လက်ခံမိတဲ့ အကျိုးကျေးဇူးတွေရဲ့ နောက်ဆက်တွဲဖြစ်လို့ ဒီဆိုးကျိုးတွေကို ရင်စည်းခံဖို့ပဲ ရှိတော့သလို ဆက်ထောက်ခံနေသမျှ လက်နက်ကိုင် ဇာတ်မြောမှာ ပိုဆိုးလာဦးမယ့် အခြေအနေတွေကို ခံနိုင်ရည်ရှိဖို့လည်း ပြင်ဆင်ကြပါဦးလို့ပဲ အကြမ်းဖက်မှုလိုလားသူတွေကို သတိပေးရင်း ဒီတစ်ပတ် စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ….။

Leave a Reply

Your email address will not be published. Required fields are marked *

Related News