၈. ၄ .၂၀၂၄
Written by Hey Mar

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို လုပ်ဆောင်တဲ့အခါ လုပ်ပိုင်ခွင့်ဆိုတဲ့ အခွင့်အာဏာတစ်ရပ် မဖြစ်မနေလိုအပ်လာပြီမို့ ရွေးကောက်ပွဲကနေတစ်ဆင့် ရယူသွားမယ်လို့ ပါတီအောင်နိုင်ရေးဥက္ကဋ္ဌလည်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးသက်ဇော်က MT News ကို ပြောပါတယ်။

အကယ်၍ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ စီမံခန့်ခွဲမှုသာရခဲ့မယ်ဆိုရင် ပါတီရဲ့ မူဘောင်အရ လယ်လုပ်သူလယ်ပိုင်ရမည်ဆိုတဲ့ မူ၊ မြေယာပြဿနာတွေ ဦးဆောင် ဖြေရှင်းပေးမယ့် ကတိကဝတ်နဲ့ သီးနှံအာမခံ၊ တောင်သူလယ်သမားရေးရာအာမခံတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဦးသက်ဇော်ဆိုပါတယ်။

ဦးသက်ဇော်က “တောင်သူလယ်သမား ကိစ္စတင်မဟုတ်ပါဘူး။ အလုပ်သမား၊ အမျိုးသမီးရေးရာကိစ္စ၊ လူငယ်ထုကိစ္စတွေကိုလည်း ကျွန်တော်တို့က တစ်ပါတည်း ဆောင်ရွက်ဖို့ ရည်မှန်းပါတယ်။ တောင်သူလယ်သမားအရေးတင်မက တိုင်းပြည် တစ်ပြည်လုံးရဲ့ အရေးကိစ္စကိုလည်း အရေးစိုက်ပြီး ဆောက်ရွက်သွားပါ့မယ်လို့ ပြောလိုပါတယ်”လို့ တောင်သူလယ်သမားပါတီရဲ့ ရန်ကုန်တိုင်းတာဝန်ခံတွေတွေ့ဆုံပွဲကို ဧပြီ ၇ ရက်က ကုန်သည်လမ်းနဲ့ ၃၅ လမ်းထောင့်ရှိ ကျောက်တံတားမြို့နယ်ရုံးမှာပြုစဥ်က မီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၄ မြို့နယ်မှာ ပါတီရုံးခွဲတွေ ဖွင့်နိုင်ခဲ့ပြီဖြစ်​ကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရုံးပေါင်း ၁၂၀ ဖွင့်လှစ်ရမယ့်စည်းကမ်းကို မိုးမကျမီပြည့်မီနိုင်ဖို့ ကြိုးပမ်းနေပြီး ပါတီအင်အားအနေနဲ့ ပါတီဝင်နှစ်သိန်းခန့်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ -၂၀၁၅ ရွေးကောက်ပွဲကာလမှာ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ ပါတီဝင်အင်အားကောင်းခဲ့ပြီး အခု SAC အစိုးရက ပြန်လည်ကျင်းပဖော်ဆောင်ပေးမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းကို အဓိကအနေနဲ့ ပါတီဝင်အင်အားစုဆောင်းနေတယ်လို့ လည်းသိရပါတယ်။

“ရွေးကောက်ပွဲ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆိုင်သွားပြီ။ သူအမြန်ဆုံး လုပ်နိုင်ရင် အရွေ့တစ်ခု အမြန်ဆုံးရောက်မယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းချက်တွေနဲ့အညီ အကောင်းဆုံး တည်ဆောက်နိုင်ပြီ။ နောက်ပြီး မွန် ၊ ကရင် ၊ နေပြည်တော်၊ မန္တလေးဘက်တွေလည်း ဖွဲ့စည်းပြီးပါပြီ။ ကျွန်တော်တို့ ရှမ်းတောင်ဘက်ကိုလည်း မကြာခင် ဖွဲ့စည်းလို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဦးသက်ဇော်က ပြောပါတယ်။

လူငယ်ပါတီဝင်အင်အား အများအပြားပါဝင်နေတယ်လို့ ဆိုတဲ့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးရဲ့ထွက်ပေါက်၊ ပြည်သူလူထုအကျပ်အတည်းရဲ့ထွက်ပေါက်အဖြစ် ယုံကြည်ကြောင်းနဲ့ ပြည်သူကိုမျက်နှာမူတဲ့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူအတွက် အလုပ်လုပ်နေတဲ့ သူတို့ပါတီရဲ့ ပါတီဝင်တွေကို အန္တရာယ်မပေးဖို့လည်း မေတ္တာရပ်ခံတယ်လို့ ဦးသက်ဇော်က တောင်းဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News