၈. ၄. ၂၀၂၄
Written by Nyein Kyaw

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” ရွေပန်းတိမ်ဆိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ လုယက်၊ ဓားပြတိုက်ခဲ့သူ လေးဦးအပါအဝင် ဆက်စပ်တရားခံ ၇ ဦးအား ပြစ်မှုဖြစ်ပွားပြီး ၁၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ” ရွေပန်းတိမ်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပုံသဏ္ဍာန်အသွင်ယူ ဝတ်ဆင်ထားသည့် အမျိုးသား ၄ ဦးသည် အဖြူရောင် မော်တော်ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ကာ နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းပြီး နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် နှစ်ပိဿာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ် သိန်းတစ်သောင်းကျော်ခန့်အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တရားခံများ ဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ် (၅) မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ၄ ဦးတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ် အောင်သုခရပ်ကွက်နေ မြတ်သူအောင် ၂၄ နှစ်၊ (ဘ) ဦးအောင်ဌေးအား ဧပြီ ၇ ရက် ည ၁၂ နာရီခွဲတွင် ၎င်း၏ နေအိမ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံမြတ်သူအောင်၏ ထွက်ဆိုချက်များအရ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ စိုးမိုးဦး ၂၄ နှစ် (ဘ) ဦးမြင့်လင်း၊ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူအား ဧပြီ ၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ တစ်ရွာတည်းနေ ညီထူးအောင် (ခ)ညီညီ ၂၃ နှစ် (ဘ) ဦးအောင်ကျော်၊ ကျပမ်းလုပ်ကိုင်သူအား နံနက် ၂ နာရီတွင် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကံတွဲကျေးရွာနေ မျိုးကို (ခ) မျိုးကိုကို (ခ) အားကွေ့ ၂၅ နှစ် (ဘ) ဦးအောင်ငွေ၊ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ချက်များအရ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓားပြတိုက်ရန် သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက် ၂၁၊ ဘုရားငါးဆူဝန်းနေ ကိုကိုနိုင် (ခ) ကိုနိုင် ၄၂ နှစ် (ဘ) ဦးအောင်ခင်၊ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၉ နာရီတွင် လည်းကောင်း၊ လုယက်၊ ဓားပြတိုက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊ ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြို့နယ် နတ်စိမ်းကျေးရွာနေ မင်းမင်းစိုး (ခ) တုတ်ကြီး ၂၃ နှစ် (ဘ) ဦးကြည်သန်း၊ လက်သမားလုပ်ကိုင်သူအား နံနက် ၉ နာရီ ၄၀ မိနစ်တွင် လည်းကောင်း၊ ‌ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓားပြတိုက်ရန်အတွက် ကိုကိုနိုင် (ခ) ကိုနိုင်အား မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံပေးပြီး လုယက်၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနက်ဝယ်ယူပေးသူ၊ ချမ်းမြေ့သာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ထက်လှိုင်(ခ) ကိုလှိုင်ကြီး၊ ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူအား နံနက် ၁၀ နာရီတွင် လည်းကောင်း ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားခံ ၇ ဦးအား ပြစ်မှုဖြစ်ပွားပြီး ၁၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပါဆုံးသက်သေခံ ရွှေထည်ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *