၇.၄.၂၀၂၄
Written By Thaw

ပရိသတ်တွေရဲ့ အချစ်တွေကို တေးသီချင်းတွေနဲ့ သိမ်းပိုက်ခဲ့တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ လာမယ့် ဧပြီ ၁၀ ရက်မှာ ကျရောက်မယ့် မွေးနေ့အမှတ်တရအနေနဲ့ ချစ်ပရိသတ်တွေနဲ့အတူ Sai Sai Birthday Show ကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီ Sai Sai Birthday Show ကိုတော့ ဧပြီ ၁၀ ရက်နေ့ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ရန်ကုန်မြို့ Inya Lake Garden မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။

“2004 မှာ Blazon က ဝန်ထမ်းမိတ်ဆွေတွေရဲ့ idea နဲ့ စခဲ့တဲ့ ပထမဆုံး Birthday Show ဟာ အခုဆိုရင် နှစ် ၂၀ ကြာခဲ့ပြီ။ ဒီမှာ ကျနော်အမှတ်တရသိမ်းထားတဲ့ ကြော်ငြာလေးတွေ..” လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကိုချပြလာတာပါ။

သူဟာ ၂၀၁၉ ခုနှစ်က Birthday Show ကို ကျင်းပခဲ့တာဖြစ်ပြီးတော့ အခု ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပတဲ့ နှစ် ၂၀ ပြည့် Birthday Show ပွဲလည်းဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Sai Sai Birthday Show ပွဲကို ၂၀၀၄ ခုနှစ်ထဲက စတင်ကျင်းပခဲ့တာဖြစ်ပြီး Show ပွဲကျင်းပခဲ့တဲ့ ပွဲတိုင်း Album တစ်ခုအနေနဲ့ ထွက်ရှိခဲ့တာလည်းရှိခဲ့သလို သီချင်းခွေတိုင်းကို ပရိသတ်တွေက နှစ်ခြိုက်အားပေးခဲ့ကြတာလည်းတွေ့ခဲ့ရပါတယ်။

၄ နှစ်တာ ရပ်ဆိုင်းထားတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကိုတော့ ယခုနှစ်မှာ ပြန်လည်ကျင်းပတာဖြစ်ပြီးတော့ ဝင်ကြေးအနေနဲ့ တစ်ဦးကို ကျပ်တစ်သိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန် ချစ်ပရိသတ်တွေကတော့ Sai Sai Birthday Show ကို အားပေးဖို့ စောင့်မျှော်ပြီး ရင်ခုန်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *