MT News
၇.၄.၂၀၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တရားမဝင်သယ်ဆောင်လာသော သစ်၊ ကျောက်စိမ်း၊ လုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆိုင်ကယ်နှင့် ယာဉ်များကို ဧပြီ ၃ ရက်မှ ၅ ရက်တာကာလအတွင်း ကျပ်သိန်း ၅၀၀၀ ဖိုးခန့် ဖမ်းမိခဲ့သည်။

ဖမ်းမိမှုဖြစ်စဥ်များမှာ ဧပြီ ၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၃၅၄ တန်နှင့် အခြားသစ် ၁၂ ဒသမ ၁၆၈ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၄၈၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင်သစ်မျိုးစုံ ၁၅ ဒသမ ၉၃၂ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၇၆၁၆၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Ceramic Tiles ၅၃၅၈ ဒသမ ၂၄ စတုရန်းမီတာ၊ JUBA Welding Machine ၅၂ လုံး၊ တရုတ်နိုင်ငံထုတ် Lambda ပိုးသတ်ဆေး ကီလိုဂရမ် ၃၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇၆၅၉၉၄၄)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၃၁ လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Alpha ဘိလပ်မြေအိတ်ခွံ ကီလို ဂရမ် ၅၀၀၀၊ Galvanized Iron Pipe ကီလိုဂရမ် ၄၆၅၀၊ ဘိုလီဗီးယား နိုင်ငံထုတ်မုန်ညင်းစေ့ ၅၆၉၇၄ ကီလိုဂရမ်၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း Golden Elite Gypsum Base Selfleveling ကီလိုဂရမ် ၅၀၀၀ နှင့် KANG LONG Commercial+ Self-Leveling ကီလိုဂရမ် ၂၀၉၅၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၇၄၈၃၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၃၃၄၇၇၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော အရွယ်စုံကျောက်တုံး ၆၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၅၀၀၀၀) နှင့်အဆိုပါ ကျောက်စိမ်းများ တင်ဆောင်လာသည့် Mitsubishi Pajero တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Mazon Toilet Commode ၂၈၂ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၄ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) ကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် မုံရွာမြို့ လယ်ဇင်ကျေးရွာ၌ လိုင်စင်မဲ့ Yamaha မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Chevrolet Colorado မော်တော်ယာဉ်တစ်စီးနှင့် Toyota Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၄ ရက်တွင် ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Golda Shortening Chemical Supplier ကီလိုဂရမ် ၇၅၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso FZ Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဧပြီ ၅ ရက် တွင် အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်း၌ လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၂၈၁၀၀၀၀ ကို အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် သမီးလှကျွန်းအရှေ့ ၀ ဒသမ ၆ မိုင်ခန့်အကွာ၌ သစ်သားလှေ တစ်စင်းပေါ်မှ တရားမဝင်ငါးမျိုးစုံ ကီလိုဂရမ် ၁၉၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၅၀၀၀)နှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ခိုကျွန်းအရှေ့ဘက်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရှပ်ဆွဲလှေနှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Yamaha FINN 115 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၇၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့ အမှတ်(၄) ရပ်ကွက်၌ လိုင်စင်မဲ့ Shacman SX-2150 Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၄၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၇၂၇၀၈၀၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။        

ပုံစာ။ တရားမဝင်ကုန်သွယ်မှုများ ယခင်ဖမ်းမိမှုမြင်ကွင်း။          

Leave a Reply

Your email address will not be published. Required fields are marked *