April 30, 2024

၇. ၄. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီ၊ ငွေစေတီဘုရားကုန်းအပါအဝင် နေရာ ၅ ခုမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေကို KNU/ PDF ပူးပေါင်းအဖွဲ့က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က ပြောပါတယ်။

မနေ့က ဧပြီလ ၆ ရက် မွန်းတည့် ၁၂ နာရီ ၁၉ မိနစ်ခန့်အချိန် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ရေးဂိတ်၊ ရွှေစေတီ၊ ငွေစေတီဘုရားကုန်းနေရာတို့ကို တိုက်ခိုက်ရာမှာ ဘုရားကုန်းပေါ် ဒရုန်းနဲ့ ဗုံး ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးပြီး မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးအပြင် ၆ဝ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဲ ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရဲကား ၂ စီးနဲ့ အခြား ကား ၁ စီးပါ ထိခိုက်ပျက်စီးခဲ့တယ်ပြောပါတယ်။

အလားတူ ကျိုက်ထိုမြို့နယ်၊ လက်ပံပင် သင်္ချိုင်းကုန်းနဲ့ အင်္ဂဘိုတာဝါတိုင်​စခန်းကို ဒရုန်း၊ ၆ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၆ ရက် ညနေ ၅ နာရီ ၁ဝ မိနစ် အချိန် လက်ပံပင်သင်္ချိုင်းကုန်းကို ဒရုန်းဗုံးသီး ၅ လုံးအပြင် ၆ဝ-မမ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာလည်း စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့အပြင် အရာရှိခွဲမှူး ၁ ဦးကလည်း ဘယ်လက်မောင်းနဲ့ ဘယ်နားရွက် ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိတွေကို ရန်ကုန်ဘက် သယ်ဆောင်သွားတယ် ဆိုပါတယ်။

အလားတူ တာဝါတိုင်စခန်းကိုလည်း ဒရုန်းဗုံး ၂ လုံး ကျဲချခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲလို့ပြောသလို ဒီ တိုက်ခိုက်မှုတွေကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF၊ KNU/KNLA ၊ Night Hawks ၊ YEF ၊ တပ်မဟာ ၁ – PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး MT News သတင်းဌာနအနေနဲ့တော့ ဒီထိခိုက်မှုဖြစ်စဥ်တွေ မှန်မမှန် မြေပြင်အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Related News