၆.၄.၂၀၂၄
Written by Hey Mar

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလလောက်ကစပြီး တဖြည်းဖြည်းအားကောင်းလာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အားအကောင်းဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပြီး အခုနှစ်နွေရာသီမှာ ပူပြင်းခြောက်သွေ့မှုဒဏ်ကို အပြင်းအထန်ခံစားရနိုင်တာ​ကြောင့် မြေအောက်ရေ ခမ်းခြောက်မှု၊ ဆည်ရေလျော့နည်းမှုပြဿနာတွေအထိ ဖြစ်လာနိုင်လို့ အများပြည်သူနဲ့ စိုက်ပျိုးရေးတောင်သူတွေ ရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်​တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ် စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။

စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ ၊ မိုးဦး ၊ မိုးလယ်၊ မိုးနှောင်းကာလ ရေကို အဓိက အားကိုး စိုက်ပျိုးပြီးအလုပ် လုပ်ကြရတာမို့ မိုးရွာသွန်းမှုအခြေအနေက အဓိက ကျပြီး စိုက်ပျိုးရေ ဖူလုံမှုရှိစေရေးကလည်း အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။

“အခု အပူဒဏ်နဲ့ အယ်နီညိုဖြစ်တဲ့ နှစ်တွေအတော်များများက မုတ်သုန်အဝင် နောက်ကျတတ်တယ်။ မိုးဦးကာလမှာ မိုးမကောင်းတတ်ဘူး။ မုန်တိုင်းတွေ ဖြစ်မှ။ လေဖိအားနည်းရပ်ဝန်းတွေ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ ဖြစ်မှသာ မိုးရေရတတ်တယ်။ မိုးဦးကာလအတွင်း သေချာမရဘဲ မုန်တိုင်းဖြစ်မှ ရလာတာကြတော့ စိုက်ပျိုးချိန်မဟုတ် ရိတ်သိမ်းခါနီးအချိန်တွေမှာ ရတာမို့ ဒါက ဖျက်မိုး ဖြစ်သွားပြန်ရော။ အခု ခန့်မှန်းချက်တွေအရတော့ မိုးလယ်နဲ့ မိုးနှောင်းမှာ မိုးက ကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားတယ်” လို့ ဦးဝင်းနိုင်က MT news ကို ပြောပါတယ်။

အခုနှစ် ဧပြီလနဲ့ မေလမှာ မိုးဦးမကောင်းရင် မိုးဦးစကျသင့်တဲ့ ဇွန်လထဲအထိ ၃ လတာကာလအတွင်းမှာ မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းက စိုက်ပျိုးမြေတွေရဲ့ မြေဆီလွှာခမ်းခြောက်လာနိုင်မယ့် စိုက်ပျိုးမြေတွေနဲ့ စိုက်ပျိုးရေးတောင်သူတွေ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိပြီး၂၀၂၄ ခုနှစ် မတ်လ လကုန်ရက်က ပြည်နယ်နဲ့တိုင်းဒေသအတော်များများရဲ့ စိုက်ပျိုးမြေတွေကို လေ့လာကြည့်တဲ့အခါ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)နဲ့ ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)အနက်မှာ မြေဆီလွှာစိုထိုင်းဆ(SOIL MOISTURE)က ၃% အောက် ၀ %(သုညရာခိုင်နှုန်း)အထိ ကျဆင်းခြောက်သွေ့စပြုလာတယ်လို့ သူလေ့လာရာမှာတွေ့ရှိတဲ့ အချက်အလက်တချို့ကို သူ့ရဲ့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်တွေ မျှဝေတဲ့ စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။

ဧပြီလနဲ့ မေလအတွင်း မိုးရွာသွန်းခြင်းမရှိဘဲ ဆက်လက်ပူပြင်းနေဦးမယ့် အခြေအနေကြောင့် မတ်လကုန်ကစပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ မြေဆီလွှာခြောက်ခမ်းခြင်း ပြင်းထန်တဲ့အဆင့်(SEVERE DROUGHT)အထိရောက်ရှိလာနိုင်ကာ ဧပြီလအတွင်းမှာ အဲဒီဧရိယာတွေ ပိုမိုကျယ်ပြန့်လာပြီး မြေဆီလွှာခမ်းခြောက်တဲ့ အဆင့်ကလည်း အလွန်ပြင်းထန် EXTREME အဆင့်ကို ရောက်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *