MT News

Written By Naddy

နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲဖြစ်သည့် Mrs. Grand International 2022 Crown အပြင် Title ဆုလေးခုရရှိခဲ့သော နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ Mrs.Sarah Boih ၏ Appreciation Party ကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံရှိ မန္တလေးမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော Mrs. Grand International 2022 ပြိုင်ပွဲကို နိုင်ငံတကာမှ အိမ်ထောင်ရှင်အလှမယ်များဖြစ်‌ကြသော ကနေဒါ၊ ထိုင်း၊ မလေး ရှား၊ အိန္ဒိယ စသည့်တို့ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က မိမိနိုင်ငံအတွက် ကိုယ်စားပြုအ‌နေဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အိမ်ထောင်ရှင်အမျိုးသမီးများထဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပါ၀င်ယှဥ်ပြိုင်ခဲ့သူ ချင်းတိုင်းရင်းသူ Sarah Boih (မဆာရာဘွဲ့ )က အလှမယ် သရဖူ Winner အပါအဝင် ဆုပေါင်းလေးဆုဖြစ်သော Mrs. Grand International Standard Winner ဆု ၊ Mrs. Friendship Awardဆု ၊ Mrs. Popularity Award ဆုနှင့် Mrs. Best Talent Award ဆု တို့ကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

“အရမ်းပဲ ၀မ်းသာတယ်။ ဒီနေ့လိုမျိုးရနိုင်တဲ့ အခွင့်အရေးဆိုတာ မဆာရာအတွက် အင်မတန်မှရှားပါး တဲ့ အခွင့်အရေးဖြစ်တယ်။ အရမ်းလည်း ရင်ခုန်တယ်ရှင့်။ ကလေးသုံးယောက်အမေကနေ ပြိုင်ပွဲ၀င်ဖြစ်တာက မဆာရာတို့ရဲ့ အသိုင်းအ၀ိုင်းဟာ စင်ပေါ်မှာ ပြောခဲ့သလို အမျိုးသမီးတွေ အိမ်ထောင်ကျပြီသွားတယ်ဆိုရင် အိမ် ထဲနေ သားသမီးမွေး အိမ်မှုကိစ္စလုပ်မယ်။ သားသမီးကို ပြုစုစောင့်ရှောက်မယ်။ ဒီလိုနဲ့ သူတို့အိမ်ထောင်ရှင်မ ဘ၀ကိုဖြတ်သန်းကြတယ်။ သူတို့ အိပ်မက်တွေအကောင်အထည်ဖော်ခွင့်မရှိတော့ဘူး။ ပြိုင်ပွဲ၀င်ခြင်းအားဖြင့် ကျွန်မတို့ အိမ်ထောင်ရှင်တွေလည်း အများကြီးလုပ်နိုင်တဲ့အရာတွေ ရှိသေးတယ်ဆိုတာကို ပြချင်တယ်။လက်ထပ်ခြင်း‌ကြောင့် ကျွန်မတို့အောင်မြင်မူကို

မတားဆီးနိုင်ဘူး။ ကျွန်မတို့မှာ အခွင့်အရေးအများကြီးရှိပါသေးတယ်။ အဆုံးထိ အကောင်းဆုံးကြိုးစားမယ်ဆိုရင် အရာရာတိုင်းဟာဖြစ်နိုင်တယ်ဆိုတာကို သက်သေပြချင်လို့ပါရှင့်”ဟု နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ Mrs.Sarah Boih က ပြောသည်။

ထို့ပြင် မဆာရာဘွဲ့အနေဖြင့် နို၀င်ဘာ ၁၅ရက်တွင် ကျင်းပသော The Diamond of Asian Excellent Award ပြိုင်ပွဲတွင်လည်း The Beauty of Asia Icon of The Year ဆုကို ထပ်မံရရှိခဲ့‌ကြောင်း သိရသည်။

“မဆာရာက ကလေးမြို့က ရွာလေး တစ်ရွာမှာ ကြီးပြင်းခဲ့တာပါ။ မဆာရာ အိမ်ထောင်ကျပြီးမှ အမျိုးသားရှိတဲ့ ရန်ကုန်မြို့ကို ပြောင်းလာတာဖြစ်တယ်။ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်က မဆာရာပုံကို တွေ့ပြီး အဆက်အသွယ်ရပြီး ဒီပြိုင်ပွဲကို ၀င်ဖြစ်တာပါ။ ဘုရားကလည်း မျက်နှာ သာပေးမှုရယ်၊ ပြိုင်ပွဲ၀င်ဖို့ Organization က ကမ်းလှမ်းခဲ့တာပါ။ ရှေ့မှာ ကိုယ်နိုင်ငံက ဆုရတဲ့ အိမ်ထောင်ရှင်အလှမယ်တွေ တွေ့တော့လည်း အားကျခဲ့ပါတယ်။ ကိုယ့် ကို သူငယ်ချင်းတွေက ၀င်ရောက်ယှဥ်ပြိုင်ဖို့အားပေးကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းသည် အသက် ၃၇ နှစ် အရွယ်ရှိပြီး မိမိအိမ်ထောင်တာဝန်၊ အလုပ်တာဝန်ကြားမှ ကျော့ရှင်း လှပသည့် အမျိုးသမီးတစ်ယောက် အဖြစ်သို့ အကောင်းဆုံး ကြိုးစားနေထိုင်သော ကလေးသုံးယောက်၏ မိခင် လည်းဖြစ်သည်။ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ Mrs.Sarah Boih သည် အောင်မြင်မူရရှိထားသည့်အတွက် ရှေ့ဆက်ပြီး ပရဟိတအလုပ်များ လုပ်ဆောင်နေလျက်ရှိပြီး ထပ်မံ လိုအပ်သည့်နေရာများကို လှူဒါန်းခြင်း၊ လူမှုကွန်ဘက်စာမျက်နှာမှ ခွန်အားဖြည့်စကားများကို ပြောဆိုထုတ်လွှင့်ခြင်းများ ပြုလုပ်ရန်စီစဥ်ထား‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *