၃. ၄. ၂၀၂၄
Written by Nyein Kyaw

လိုင်စင်ရယူထားခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Logo အား အလွဲသုံးစားပြုလုပ်၍ ချေးငွေရယူနိုင်ကြောင်း ကြော်ငြာကာ ကိုယ်ရေးသတင်းအချက်အလက်များကို လိမ်လည်ရယူရန် ဆောင်ရွက်နေသည့် Quick Loan အမည်ရှိ Application တစ်ခုကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ အသိပေးထုတ်ပြန်သည်။

Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည့်သည့်လုပ်ငန်းလိုင်စင်မှရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Logo အား အလွဲသုံးစားပြုလုပ်၍ တရားမဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်း ကြော်ငြာကာ မိဘပြည်သူတို့၏ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို လည်းကောင်း၊ ယင်း Application မှတစ်ဆင့် လိမ်လည်လှည့်ဖြားပြီး ရယူရန်ဆောင်ရွက်နေကြောင်းတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယင်းလိမ်လည်လှည့်ဖြားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့် နိုင်ငံခြားသုံး‌ငွေ စီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ၊ နိုင်ငံခြားသုံး‌ငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များကို ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေး ရေး အဖွဲ့အစည်းများထံသို့ ခွင့်ပြုထုတ်ပေးထားသည်။

အဆိုပါလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့အား ခွင့်ပြုထုတ်ပေးထားသည့်စာရင်းကို https://www.cbm.gov.mm/ တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပြီး ယင်းငွေရေးကြေးရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာလိုင်စင်/ မှတ်ပုံတင်လက်မှတ်တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်း၌ တရားဝင် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *