၃. ၄. ၂၀၂၄
Written by Shwe Phyo

ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သောရက်ပိုင်းတွင် East Asia and Pacific (EAP) Economic Update အမည်ရှိ စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းဖော်ပြခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းက အာဆီယံနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် လျော့နည်းနေပြီး ၂၀၂၄ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း စီးပွားရေးတိုးတက်မှုနှုန်းက ကျဆင်းလာခဲ့ပြီး နိုင်ငံရေးပြဿနာမဖြစ်ပွားခင် နှစ်များအတိုင်းတိုးတက်မှုမရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်က ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများထဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလျင်မြန်ဆုံးနိုင်ငံများအဖြစ် သတ်မှတ်ထားပြီး စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနိးရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၄ ဒသမ ၉ရာခိုင်နှုန်း၊ မလေးရှား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၄ ဒသမ ၃ ရာခိုင်နှုန်း၊ လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၄ ရာခိုင်နှုန်း၊ အရှေ့တီမော၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသည်။

REF, worldbank

Leave a Reply

Your email address will not be published. Required fields are marked *