April 30, 2024

၂. ၄. ၂၀၂၄
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လက်ကျန်ကာလများအတွင်း ဆန်နှင့်ဆန်ကွဲ တိုးမြှင့်တင်ပို့နိုင်ခဲ့သဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆၈၆ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းအထိ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို‌ လေ့လာကြည့်ပါက ဘဏ္ဍာနှစ်အစ ဧပြီလမှ စက်တင်ဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် သောင်းဂဏန်းမျှသာ တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလမှစတင်၍ တန်ချိန်တစ်သိန်းအထက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သလို လစဉ်နိုင်ငံခြားဝင်ငွေရရှိမှုမှာလည်း ဒေါ်လာသန်း ၃၀ မှ သန်း ၆၀ ဝန်းကျင်ကြားသာ ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ တန်ချိန် ၁၇၅,၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကာ ဒေါ်လာသန်း ၉၀ အထိ ရရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် တန်ချိန် ၁၉၅,၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၉၉ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၁၀,၀၀၀ အထိတင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၁၁၀၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၂၆၀,၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၁၄၀ နီးပါးနှင့် မတ်လတွင် တန်ချိန် ၂၅၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၁၃၃ သန်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလနှင့် မတ်လ ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ရရှိသည့်ဝင်ငွေ ဒေါ်လာ ၅၇၁ သန်းရရှိခဲ့သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှရရှိသည့် စုစုပေါင်းဝင်ငွေ၏ ၆၇ ရာခိုင်နှုန်းကျော်အထိရရှိထားခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် ပွင့်လင်းရာသီဖြစ်သော ပြီးခဲ့သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းစီ တင်ပို့နိုင်ရန်ဆောင်ရွက်ခဲ့သော်လည်း နှစ်လဆက်တိုက်ပြည့်မီခြင်းမရှိဘဲ ဒီဇင်ဘာလမှသာ တန်ချိန်နှစ်သိန်းနီးပါး စတင်တင်ပို့နိုင်ခဲ့ပြီးနောက် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့မှသာ တန်ချိန်နှစ်သိန်းအထက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေပြီး ပေါင်းဆန်နှင့် ဆန်ကွဲအမျိုးအစားကိုသာ ဆန်ကုန်ကြမ်းအတိုင်း အဓိကထား တင်ပိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

၂ နာရီလောက်တင်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Related News