ပခုက္ကူမြို့နယ်အတွင်း အခွန်ကောက်ရန်သတ်မှတ်နေရာမှအပ ကျန်နေရာများကို အခွန်မကောက်ရန် တားမြစ်

၂. ၄. ၂၀၂၄
Written by Nay Moe

NUG ဩဇာခံ PDF အဖွဲ့တွေအနေနဲ့ အခွန်အခကောက်ခံတာ၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့နည်းနဲ့ ရန်ပုံငွေရှာဖွေတာဟာ မှားယွင်းတဲ့နည်းလမ်းလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပထမဆုံးဝေဖန်ထောက်ပြလာပြီး ပခုက္ကူမြို့နယ်အတွင်းမှာလည်း အခွန်ကောက်ဖို့သတ်မှတ်နေရာမှအပ ကျန်နေရာတွေကို အခွန်မကောက်ဖို့ တားမြစ်စာ ထုတ်ပြန်လာပါတယ်။

ပြည်သူတွေက လှူဒါန်းမှုနည်းပါးလာချိန်မှာ PDF အဖွဲ့တွေဟာ ရန်ပုံငွေရဖို့ ဆက်ကြေတောင်းတာ၊ နှစ်လုံးထီ၊ ချဲထီ၊ မူးယစ်ဆေး၊ လောင်းကစားသမားတွေနဲ့သစ်မှောင်ခို၊ ရေနံမှော်လုပ်ကိုင်သူတွေကို ဖမ်းဆီးငွေညှစ် ပြန်ပေးဆွဲ ဓားပြတိုက်တာ လုပ်ကြသလို လုယက်သတ်ဖြတ်မှုတွေလည်း ကျုးလွန်ပြီးရန်ပုံငွေရှာနေကြတာပါ။

ဒါကြောင့်မို့လို့ PDF တွေ ကြီးစိုးနယ်မြေတွေက လမ်းမကြီးများနှင့်လမ်းပိုင်းအချို့မှာ လုံခြုံရေးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ဝါးတားဂိတ်တွေ ဖွင့်လှစ် အခွန်ကောက်ခံတာတွေ လုပ်နေကြသလို အခွန်ဆိုတာက ပြည်သူလုထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရန်မလိုအပ်ဘဲ သင့်လျော်မျှတတဲ့နှုန်းထားနဲ့သာ ကောက်ခံရမှာဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ လက်ဝါးကြီးအုပ်စိုးမိုးချုပ်ကိုင်ဖို့မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ နယ်မြေတည်ငြိမ်ရေးအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စုအဆင့် အညီအမျှ အချိုးကျမျှဝေသုံးစွဲရမည်ဆိုတဲ့မူဝါဒကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ခံကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင်တော်လှန်ရေးကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့အခွန်အခကောက်ခံခြင်းနဲ့ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းနည်းလမ်းနဲ့ ရန်ပုံငွေရှာဖွေတာက မှားယွင်းတဲ့နည်းလမ်းဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ စည်းလုံးမှုကိုအသုံးချ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်း ကုန်ထုတ်စနစ်တွေ ဖော်ဆောင်ပြီး ရန်ပုံငွေရရှိအောင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧပြီ ၁ ရက်ကစပြီး ပခုက္ကူမြို့နယ်တွင်း ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံဖို့သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီး အခွန်ကောက်ခံတာ၊ဆက်ကြေးတောင်းခံတာ လုံးဝ(လုံးဝ)ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်လိုက်ပြီး လိုက်နာဖို့ပျက်ကွက်ရင် ပခုက္ကူမြို့နယ်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဆုံးဖြတ်ချက်နဲ ပြင်းပြင်းထန်ထန် အရေးယူမယ်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *