နယ်စပ်ဒေသနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် EAO အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေဟု SAC ဥက္ကဋ္ဌ ‌ပြောကြား

၂. ၄. ၂၀၂၄
Written by Nyein Kyaw

နယ်စပ်ဒေသနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H .E. Mr. Deng Xijun အား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၌ လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။

နယ်စပ်ဒေသနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် အကူအညီ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်း ‌ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *