၁. ၄. ၂၀၂၄
Written by Zaw Moe

ရဟန်းနှစ်ပါးအား ဒလန်ဟုစွပ်စွဲကာ PDF များက သတ်ဖြတ်လိုက်သည်ဟု သိရပြီး ထိုသို့သတ်ဖြတ်ရာတွင် ရဟန်းတစ်ပါးအား ဓားဖြင့်ခုတ်သတ်မှုမှာ ရွှေဘိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကာ အခြားရဟန်းတစ်ပါးကိုမူ စစ်သားနှင့်ရဲ ယူနီဖောင်းဝတ်ဆင်ပေးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်မှု နတ်မောက်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာ ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ သက်တော် (၄၇) နှစ်၊ ဝါတော် (၂၅) ဝါအား PDF များက ဒလန်ဟုစွပ်စွဲကာ ဓားဖြင့် ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။

အလားတူ မတ်လ ၂၉ ရက် နေ့လယ် ၂ နာရီခန့်တွင် နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်းတောင် တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်‌တော် (၅၅) နှစ် ဝါတော် (၁၀) ဝါအား PDF များက ဖမ်းဆီး‌ခေါ်ဆောင်သွားပြီး မြင်းတဲကြီးကျေးရွာအနီး လမ်းပေါ်၌ တပ်မတော်ယူနီဖောင်းအင်္ကျီနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့အား ဝတ်ဆင်စေကာ ဦးခေါင်းအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

NUG နှင့် PDF များ၏ နွေဦးတော်လှန်ရေးကို သံဃာထုကမထောက်ခံသဖြင့် ရဟန်းသံဃာများအား အမျိုးမျိုးစွပ်စွဲသတ်ဖြတ်နေသည်မှာ သုံးနှစ်အတွင်း သံဃာတော် ၁၀၀ ခန့် သတ်ဖြတ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *